Breaking News

အလုပ်လုပ်နိုင်စွမ်းတိုးတက်စေဖို့ နည်းလမ်းများ

 
ပရိသတ်ကြီးထဲမှာ အမှုထမ်းတွေ၊ အရာထမ်းတွေ၊ ကုမ္မဏီဝန်ထမ်းတွေ၊ စက်ရုံလုပ်သားတွေ၊ ကာယလုပ်သားတွေ၊ ဉာဏလုပ်သားတွေ၊ အိမ်မှုကိစ္စ ဗာဟီရလုပ်နေရတဲ့သူတွေ ပါမယ်လို့ ထင်ပါတယ်။ မည်သည့်နယ်ပယ်မှာပဲ
ဖြစ်ဖြစ် ကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်း တိုးတက်ရင် တိုးတက်သလောက် ခံစားခွင့်ရကြလိမ့်မယ်၊ သို့တည်းမဟုတ် ခံစားခွင့်
အတွက် အခွင့်အလန်းတွေ တိုးပွားလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် မိမိရဲ့ အလုပ်လုပ်နိုင်စွမ်း တိုးတက်စေဖို့ နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ကောင်းကောင်းအနားယူဖို့လို

လူဆိုတာ အလုပ်ကိုချည်း ဖိလုပ်နေဖို့ ပြဋ္ဌာန်းထားသော သတ္တ၀ါမဟုတ်။ ဒါကို မိမိကိုယ်ကိုယ် သိဖို့လိုပါတယ်။ ဒီတော့ သင့်တင့်လျှောက်ပတ်သော အနားယူချိန် ရှိသင့်ပါတယ်။ အနားယူချိန်မရှိဘဲ အလုပ်ကို ဆက်တိုက်လုပ်ရတယ်ဆိုရင်လည်း လုပ်ငန်းပိုင်း ထိရောက်မှု နည်းပါတယ်။ စာပဲကျက်ကျက်၊ ဘောလုံးပဲ ကစားကစား မည်သည့်အရာကိုမျှ အချိန်အကြာကြီး မလုပ်သင့်။ ကောင်းကောင်းအနားယူမှ ကောင်းကောင်း အလုပ်လုပ်နိုင်စွမ်းကို ရမည်။

(၂) တွေးခြင်းထက် လက်တွေ့လုပ်ခြင်းက ပိုထိရောက်

 

တွေးသင့်သလောက်တော့ တွေးရပါမည်။ ဒါမှလည်း အမှားကင်းမှာပါ။ ဒါပေမယ့် ဘာမှမလုပ်ပဲ ထိုင်တွေးနေတာထက်စာရင်တော့ တစ်ခုခု လုပ်လိုက်တာက ပိုထိရောက်ပါတယ်။ အတွေးသမားဟာ အတွေးကို အပြင်မှာ လက်တွေ့မလုပ်ရင် အသုံးကျမှာ မဟုတ်ပါ။

(၃) ချိန်ဆခြင်း

တွေးတောခြင်းထဲမှာ အပါအ၀င်ဖြစ်တဲ့ ချိန်ဆခြင်းကလည်း အလုပ်လုပ်ခြင်းကို ထိရောက်တဲ့ အတတ်ပညာဖြစ်ပါတယ်။ ဥပမာ အဝေးမှာရှိတဲ့ အလုပ်တစ်ခုဆီကို ရထားနဲ့ သွားမည့်အစား၊ ကားနဲ့သွားခြင်း-ဟာ အချိန်ကုန် သက်သာစေပါတယ်။ အလုပ်လုပ်ချိန် ပိုရပါတယ်။ ဒီလိုပဲ ယခင်က အမှားတွေကို ဆင်ခြင်ချိန်ဆခြင်းဖြင့်လည်း နောင်တစ်ချိန်မှာ အမှားအယွင်း ကင်းကင်းနဲ့ အလုပ်ကို လုပ်နိုင်စွမ်းလာပါလိမ့်မယ်။

(၄) စံနှုန်းသက်မှတ်ခြင်း

 

ဒီနေ့ ငါ အလုပ်ဘယ်လောက်ပြီးရမည်ဆိုတဲ့ စံနှုန်း သက်မှတ်ထားပါ။ မိမိသက်မှတ်ထားတဲ့ စံနှုန်းဟာ မိမိအလုပ်လုပ်နိုင်စွမ်းကိုလည်း ချိန်ဆနိုင်သလို ကျပန်းလုပ်သွားတာထက်စာရင် စည်းစနစ်ပိုရှိပါတယ်။

(၅) လက်တွဲလုပ်ဆောင်ခြင်း

တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်းတူ၊ အလုပ်တူ ၀န်ထမ်းအချင်းချင်း လက်တွဲလုပ်ဆောင်တတ်ဖို့ လိုပါတယ်။ Team Work ကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်အောင် စီမံခန့်ခွဲနိုင်တဲ့ ကုမ္မဏီတွေ၊ အလုပ်ခွင်တွေဟာ အခြားသူတွေထက် လုပ်ငန်းပိုင်း ပိုထိရောက်ပါတယ်၊ ပိုပြီး ကြီးပွားတာ မြန်ပါတယ်။

No comments