Breaking News

ရဲအရာရှိတွေ သေနတ်ကိုင်ခွင့်မရှိတဲ့ နိုင်ငံ

ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးလို့ ပြောလိုက်တာနဲ့ သေနတ်ကိုင်ပြီး လူဆိုးလိုက်ဖမ်းတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ထဲက ရဲတွေကို မြင်ယောင်ကြမှာဖြစ်ပါတယ်။ နိုင်ငံအတော်များများမှာ ရာဇဝတ်မှုတွေကို တားဆီးဖော်ထုတ်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေတိုင်း သေနတ်ကိုင်ခွင့်ရှိပေမယ့် ရဲအရာရှိတွေကို သေနတ်ကိုင်ခွင့်မပေးတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ထူးခြားတာက ရဲတွေကို သေနတ်ကိုင်ခွင့် မပေးတဲ့နိုင်ငံ တွေဟာ အခြားနိုင်ငံတွေထက် တည်ငြိမ်အေးချမ်းမှုရှိနေတာပါပဲ။



ဥရောပမှာ ဗြိတိန်၊ နော်ဝေ၊ အိုက်စလန်နဲ့ နယူးဇီလန်နိုင်ငံတွေက ရဲအရာရှိတွေဟာ သေနတ်ကိုင်ခွင့်မရှိကြပါဘူး။ ကင်းလှည့်တဲ့အချိန်မှာတောင် သေနတ်ကိုင်ခွင့်မရှိပါဘူး။ ပုံမှန်မဟုတ်ပဲ ရာဇဝတ်မှုကို ကိုင်တွယ်ဖြေရှင်းရမယ့် အချိန်ကြမှသာ သေနတ်ကိုင်ခွင့်ကို ပေးပါတယ်။ ဒီနိုင်ငံတွေဟာ ဥရောပမှာရှိတဲ့ အခြားနိုင်ငံတွေထက် ရာဇဝတ်မှု ဖြစ်ပွားနှုန်းလည်းလျော့ကျတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အိုက်စလန်မှာဆုရင် ရဲအရာရှိက လူတစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့မှု ၂၀၁၃ ကဖြစ်ပွားခဲ့ဖူးပါတယ်။ သမိုင်းတစ်လျှောက်မှာတော့ ရဲကလူကိုပစ်တာ အဲဒီတစ်ကြိမ်ပဲရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ အိုက်စလန်ဟာ လူသုံးသိန်းလောက်ပဲရှိတဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက အိုက်စလန်မှာ ရဲတွေသေနတ်ကိုင်ခွင့်မရှိပေမယ့် လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ကတော့ အမဲလိုက်ဖို့အတွက် ရိုင်ဖယ်သေနတ်တွေ ကိုယ်စီရှိကြပါတယ်။


ဒါပေမယ့်လည်း အိုက်စလန်ဟာ မှုခင်းဖြစ်ပွားမှုနှုန်း အတော်လေးနည်းပါးတဲ့နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ လေးနိုင်ငံပေါင်းစပ်ထားတဲ့ ဗြိတိန်မှာတော့ မြောက်အိုင်ယာလန်က ရဲတွေပဲ သေနတ်ကိုင်ခွင့်ရှိပြီး အင်္ဂလန်၊ စကော့တလန်နဲ့ ဝေလနိုင်ငံတွေကရဲတွေကတော့ သာမန်ကင်းလှည့်တဲ့အခြေအနေမှာ သေနတ်ကိုင်ခွင့်မရှိပါဘူး။

http://www.planet.com.mm/detail/28302/World

No comments