Breaking News

မော်တော်ယာဉ် မတော်တဆမှုကြောင့် အပျိုစင် (၃၈) ဦး သေဆုံး

          ဆွာဇီလန်ဘုရင်၏ ကြင်ယာ ရွေးချယ်ရေးပွဲတွင် ပါဝင်ရန် ခရီးထွက်လာသည့် အမိုးဖွင့် ကုန်တင်ကားတစ်စီး အခြား မော်တော်ယာဉ်နှင့် တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပျိုစင်(၃၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
          အမ်ဘာဘနီနှင့် မန်ဇီနီမြို့ကြား သောကြာနေ့ နေ့လယ်ပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးခဲ့သည့် မိန်းကလေးများသည် နှစ်စဉ်ကျင်းပနေကျ ဆွာဇီကျူရိုး အကပွဲတော် တက်ရောက်ရန် ခရီးထွက်လာခြင်း ဖြစ်သည်။ ယင်းပွဲတော်သို့ အိမ်ထောင် မရှိသော အမျိုးသမီးများ သို့မဟုတ် အပျိုစင် ထောင်ပေါင်းများစွာ တက်ရောက်ကြသည်။ အာဖရိကရှိ နောက်ဆုံး သက်ဦးဆံပိုင်ဘုရင် တတိယမြောက် အမ်ဆွာတီဘုရင်သည် ၎င်းတို့ထဲမှ တစ်ဦးကို ကြင်ရာအဖြစ် ရွေးချယ်မည်ဖြစ်သည်။
          ယမန်နှစ်တွင် ဘုရင်သည် ကပြခဲ့သည့် မိန်းကလေးများထဲမှ   အသက်(၁၉) နှစ် အရွယ် အပျိုစင်တစ်ဦးကို ကြင်ရာအဖြစ် ရွေးချယ်ခဲ့သည်။ ၎င်းမိန်းကလေးသည် ဘုရင်၏(၁၄)ယောက်မြောက် ကြင်ရာဖြစ်သည်။
          သို့သော် ဆွာဇီလန်ရှိ အာဏာပိုင်များသည် မော်တော်ယာဉ် မတော်တဆ ဖြစ်မှုကို ဖုံးဖိထားပြီး မီဒီယာများကိုလည်း ယင်းဖြစ်ရပ်ကို ဖော်ပြခြင်းမပြုရန် သတိပေးထားကြောင်း ဆွာဇီလန်ညီညွတ်ရေး ကွန်ရက် (SSN) က စွပ်စွဲထားသည်။
          သို့သော် Times of Swaziland ကမူ ယာဉ်မတော်တဆမှုတွင် ပါဝင်ခဲ့သည့် မိန်းကလေးများ၏ မိဘများသည် မန်ဇီနီမြို့ရှိ ရာလေးဖစ်ကင် ဆေးရုံသို့ စိုးရိမ်တကြီး ရောက်ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
          အသက်ရှင် ကျန်ရစ်သူ အသက် ၁၈ နှစ်အရွယ် စီဖီလဲ ဆီဂူဒလာက ကုန်တင်ကားပေါ်တွင် အမျိုးသမီး (၅၀) ခန့်လိုက်ပါလာခဲ့ပြီး တိုယိုတာ ဗင်ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာသို့ ပြောဆိုခဲ့သည်။
          မိန်းကလေး  (၄၀၀၀၀)  ပါဝင် ဆင်နွှဲပြီး ရှစ်ရက်ကြာ ကျင်းပမည့် ပွဲတော်ကို ရက်ရွှေ့ဆိုင်းပေးရန် SSN က တော်ဝင် မိသားစုအား တောင်းဆိုထားသည်။

Source:DM
messengernewsjournal

No comments