Breaking News

ဒူးထောက် တောင်းပန်ခဲ့တဲ့ ယာဉ်ထိန်းရဲ(၂)ဦး

      တရုတ်နိုင်ငံ၊ ဟီနန်ဒေသမှာ ယာဉ်ထိန်းရဲ နှစ်ဦးဟာ တာဝန်ဝတ္ထရားကြောင့် ဖမ်းဆီးခြင်း ပြုလုပ်ရတာကို သိရှိနိုင်ဖို့ ဒူးထောက် တောင်းပန် ဖြေရှင်းကြောင်း သိရပါတယ်။ အလယ်အလတ် အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ သားဖြစ်သူ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို စီးလာရင်း ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် ဖမ်းဆီးခံရပါတယ်။ သားဖြစ်သူဟာ အရက် သေစာ သောက်စားပြီး မော်တော်ယာဉ်ကို မောင်းနှင်ခဲ့တာဖြစ်ပြီး ယာဉ်ထိန်းရဲနှစ်ဦးက တာဝန်အရ ဖမ်းရတာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ဒါကို သားအမိနှစ်ဦးက ဖမ်းဆီးခြင်းမပြုဖို့ ဒူးထောက် တောင်းပန်ခဲ့ပါတယ်။ ဒီဖမ်းဆီးမှုမှာ ဒဏ်ငွေဆောင်ရုံနဲ့ ပြီးသွားမှာ ဖြစ်ပေမယ့် သားအမိနှစ်ဦးက လက်ခံခြင်းမရှိဘဲ ဒူးထောက်တောင်းပန်မှု တစ်နာရီနည်းပါး ပြုလုပ်ခဲ့ပါတယ်။ ယာဉ်ထိန်းရဲ နှစ်ဦးဟာ သားအမိနှစ်ဦးကို ပြန်လည် တောင်းပန်တဲ့ အနေနဲ့ ဒူးထောက်ပြီး ယာဉ်စီးကမ်းတွေကို ပြန်ရှင်းပြခဲ့ပါတယ်။
      သားအမိနှစ်ဦးနဲ့ အပြိုင် ယာဉ်ထိန်းရဲနှစ်ဦးဟာ ဒူးထောက် တောင်းပန်ခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ သားအမိ နှစ်ဦးဟာ ဒူးထောက် တောင်းပန်ရင် ပြစ်မှုကနေ လွတ်မြောက်မယ်လို့ ထင်မှတ်ခဲ့ပေမယ့် ယာဉ်ထိန်းရဲ နှစ်ဦးကလည်း ဒူးထောက်ပြီး ပြန်လည် တောင်းပန်ကာ စည်းကမ်းတွေအကြောင်း ရှင်းပြခဲ့တာကြောင့် မြင်ရသူအပေါင်း အထူးအဆန်း ဖြစ်ခဲ့ပါတယ်။ ဒါကို သားဖြစ်သူက မကျေနပ်ဘဲ လမ်းမ အလယ်မှာ လဲလျောင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီနောက် မိခင်ဖြစ်သူက သားဖြစ်သူကို အတင်းဆွဲခေါ် ခဲ့ရတယ်လို့ သိရပါတယ်။ အရက်မူး ကားမောင်းတဲ့သူကို ဖမ်းဆီးရာမှာ မိခင်ဖြစ်သူကပါ ၀င်ရောက်ပြီး ဒူးထောက် တောင်းပန်ခဲ့တာကြောင့် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ချီးကျူးစရာကတော့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် နှစ်ဦး ဖြစ်ပါတယ်။ ပြည်သူ့တာဝန်ကို ထမ်းဆောင်ရာမှာ အခွင့်အာဏာကို အပြည့်အ၀ အသုံးချခြင်း မရှိဘဲ နားလည်အောင် ပြန်ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်။ မူးပြီးမောင်းတဲ့ ယာဉ်မောင်းသူကို ဒဏ်ငွေပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်ကို တရုတ်လူမှု ကွန်ရက်တွေမှာ ဖော်ပြခဲ့ရာ ဝေဖန်မှတ်ချက်မျိုးစုံ ပေါ်ထွက်ခဲ့ပါတယ်။ အချို့က ပြစ်ဒဏ်ကျူးလွန်သူကို မေးခွန်းထုတ် ဆွေးနွေးမှု မပြုလုပ်သင့်ဘဲ ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ရမည် ဖြစ်ကြောင်း မှတ်ချက်ပြု ရေးသားခဲ့ပါတယ်။

messengernewsjournal

No comments