Breaking News

ဖုန်းသူရဲ မျိုးဆက်လာပြီ


           မိုးလင်းလင်းချင်း ဖုန်းကောက်ကိုင်၊ ညမအိပ်ခင်ထိ ဖုန်းကို လက်ကမချနိုင် ဖြစ်နေလား။ စာဖတ်သူ တစ်ယောက်တည်းတော့ မဟုတ်။ ဖုန်းသူရဲမျိုးက မျိုးဆက်နဲ့ချီ ရှိလာပြီ။
           ဗြိတိန်တွင် ကောက်ထားသော စစ်တမ်းအရ လူတစ်ယောက်သည် တစ်နေ့လျှင် ဖုန်းကို (၂၅) ကြိမ်မှ အကြိမ် (၅၀) ကြား ကြည့်လေ့ရှိကြောင်း သိရသည်။
အကြိမ် (၅၀) အထက် ကြည့်မိသူကလည်း စစ်တမ်း ဖြေဆိုသူ၏ (၁၆) ရာခိုင်နှုန်းထိ ရှိသည်။
          ဗြိတိန် တစ်နိုင်ငံလုံးမှ  စမတ်ဖုန်း သုံးသူများ တစ်ရက်လျှင် ဖုန်းကောက်ကိုင် ဖြစ်သည့် အကြိမ်ပေါင်းက သန်း (၁၁၀၀) ရှိကြောင်းလည်း စစ်တမ်းက တွက်ချက်ပြသည်။ Deloittle Mobile Consumer စစ်တမ်း လုပ်ငန်းက ဗြိတိန်တစ်ဝန်း လူ (၄၀၀၀) ကို  စစ်တမ်းကောက်ထားခြင်း ဖြစ်သည်။
          မနက်နိုးသည်နှင့် ဖုန်းကောက်ကိုင်သူက ဆယ်ပုံတစ်ပုံ ရှိသည်။ နိုးပြီး (၁၅) မိနစ် အတွင်း ဖုန်းကောက်ကိုင်သူကလည်း (၅၃) ရာခိုင်နှုန်းထိ ရှိသည်။ အသက် (၁၈) မှ (၂၄) ကြား လူငယ်များ၏ ထက်ဝက်နီးပါးသည် နိုးပြီး ငါးမိနစ်အတွင်း ဖုန်းဖွင့်ကာ ဖေ့စ်ဘွတ်ခ်ကြည့်၊ အီးမေးစစ်၊ မက်ဆေ့ဂ်ျ ဖတ်ခြင်းများ လုပ်နေကြသည်။
           အိပ်ရာဝင်ချိန်တွင်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်၏။ (၂၈) ရာခိုင်နှုန်းသည် အိပ်ဖို့ မီးမပိတ်ခင် ငါးမိနစ် အလိုထိ ဖုန်းသုံးနေကြကြောင်း စစ်တမ်းက ဆိုသည်။
          ဗြိတိန်တွင် အရွယ်ရောက်ပြီးသူ (၇၆) ရာခိုင်နှုန်း ဖုန်းကိုင်ကြသည်။ ပြီးခဲ့သည့် နှစ်ကထက် ခြောက်ရာခိုင်နှုန်း တက်လာခြင်းလည်း ဖြစ်သည်။ ဖုန်းကိုလည်း အချိန်ရတိုင်း ထုတ်သုံးတတ်ကြသည်။ စစ်တမ်း ပါဝင်သူ သုံးပုံ နှစ်ပုံသည် ကားစီး၊ ရထားစီးရင်း ဖုန်းသုံးသည်။ (၆၀) ရာခိုင်နှုန်းသည် အလုပ်ထဲမှာ သုံးသည်။ (၅၀) ရာခိုင်နှုန်းသည် သူငယ်ချင်းများနဲ့ တွေ့ဆုံချိန်မှာပါ သုံးသည်။

No comments