ကျောင်းသားတွေ သတ်သေနှုန်း များနေတာ ဘယ်လို အဖြေရှာမလဲ
“သံချပ်ဝတ်စုံ ၀တ်ထားရသလိုပဲ၊ ကျောင်းဝတ်စုံ ၀တ်ထားရတာ စိတ်ထဲ လေးလိုက်တာ” ဟု မာဆာက ပြောသည်။ အထက်တန်းကျောင်း စတက်တက်ချင်း နေ့မှာပင် မာဆာကို သူငယ်ချင်းတွေ ၀ိုင်းအနိုင်ကျင့် လွှတ်လိုက်သဖြင့် စိတ်ဆင်းရဲစွာ အိမ်ပြန်ခဲ့ရဖူးသည်။
“ကျောင်းဝင်းထဲ ၀င်ရမှာလောက် စိတ်လေးတာ မရှိဘူး။ သေချင်စော်နံအောင် စိတ်ညစ်တယ်။ ထွက်ပေါက် မရှိဘူး။ သတ်သေတဲ့ ထွက်ပေါက်ပဲ မြင်တယ်” ဟု မာဆာက သူ့အဖြစ်ကို ရင်ဖွင့်သည်။
မာဆာ ဆိုသည်မှာ နာမည်ရင်း မဟုတ်။ ဆောင်းပါးအတွက် နာမည်ဝှက် သုံးထားခြင်း ဖြစ်သည်။ မာဆာ ငယ်ငယ်က ကြုံခဲ့ရသည့် ကျောင်းဖိအားကြောင့် သတ်သေဖို့ ကြံမိသည့်အကြောင်း ပြောပြနေခြင်း ဖြစ်သည်။ နားလည်တတ်သော မိခင်ကြောင့်သာ မာဆာ ကံကောင်းခဲ့ခြင်း ဖြစ်သည်။ ကျောင်းတက်ရမှာ စိတ်ညစ်၍ သတ်သေချင်စိတ် ဖြစ်နေသော ဂျပန် ကျောင်းသားငယ်များ အတွက် စိတ်ဓာတ် မြှင့်တင်ရေး သတင်းစာတွင် မာဆာက သူ့ငယ်စဉ် အတွေ့အကြုံကို ဝေမျှသည်။
“ဒုတိယ စာသင်နှစ်ဝက်စတဲ့ စက်တင်ဘာလ (၁)ရက်နေ့မှာ သတ်သေဖို့ ကြံခဲ့မိတယ်” ဟု မာဆာက ရေးထားသည်။ ငယ်ငယ်ရွယ်ရွယ် ကျောင်းသား အရွယ်လေးနဲ့တင် သတ်သေဖို့ ကြံစည်သည်မှာ မာဆာ တစ်ယောက်တည်း မဟုတ်။ ဂျပန်သည် ကမ္ဘာပေါ်မှာ ကျောင်းသား လူငယ်သတ်သေမှု အမြင့်ဆုံး နိုင်ငံဖြစ်နေသည်။
ဂျပန်တွင် ပြီးခဲ့သည့်နှစ်က အသက် (၁၀)နှစ်မှ (၁၉)နှစ်ကြား ကျောင်းသား လူငယ်များ သေဆုံးရသည့် ထိပ်ဆုံး အကြောင်းရင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်သည်။ အထူးသဖြင့် စက်တင်ဘာလ(၁) ရက်နေ့သည် နိုင်ငံတစ်ဝန်း အသက် (၁၈) နှစ်အောက် ကျောင်းသူကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အမြင့်ဆုံးနေ့ ဖြစ်ကြောင်း ဂျပန် အစိုးရ စာရင်းများ အရလည်း သိရသည်။
၁၉၇၂ ခုနှစ်မှ ၂၀၁၃ခုနှစ် ကာလအတွင်း ဂျပန်တွင် အသက် (၁၈) နှစ်အောက် လူငယ် (၁၈၀၄၈)ဦး သတ်သေ ခဲ့ကြသည်။ ၎င်းတို့အနက် (၉၂) ဦးသည် သြဂုတ် (၃၁)ရက် ၊ (၁၃၁)ဦးသည် စက်တင်ဘာ (၁)ရက်၊(၉၄) ဦးသည် စက်တင်ဘာလ (၂)ရက်နေ့တို့တွင် သတ်သေခဲ့ကြကြောင်း သိရသည်။ စက်တင်ဘာလ (၁) ရက်နေ့ သည် စာသင်နှစ် ဒုတိယ နှစ်ဝက် ပြန်စသည့်နေ့ ဖြစ်သည်။
စာသင်နှစ် ပထမနှစ်ဝက် စတင်သည့် ဧပြီလသည်လည်း သတ်သေနှုန်းများ မြင့်တက်လေ့ရှိသည်။ ကာမာကူရာရှိ စာကြည့်တိုက်မှူး မာဟိုကာဝီက သတ်သေချင်စိတ် ဖြစ်နေသော ကျောင်းသားများအတွက် ထွက်ပေါက်ပေးဖို့ ကြိုးစားထားသည်။
“ဒုတိယနှစ်ဝက် ကျောင်းတွေ ပြန်ဖွင့်တော့မည်။ ကျောင်းကို မုန်းလို့ သတ်သေဖို့ ကြံစည်နေလား ကလေးတို့။ ကျောင်းမသွားနဲ့။ ဒို့များ စာကြည့်တိုက်ကိုသာ လာခဲ့ပါ။ ကာတွန်းတွေ ရှိတယ်။ ပျော်စရာ ၀တ္ထုတွေ ရှိတယ်။ ဒီမှာ တစ်နေ့ လုံး လာထိုင်နေလည်း အော်မယ့် ငေါက်မယ့်လူ မရှိဘူး။ ဒီနေရာဟာ သုခရိပ်မြုံပါ ကလေးတို့။ စက်တင်ဘာလမှာ ကျောင်းမသွားချင်လို့ သတ်သေမယ် ကြံနေရင် ဒို့များ စာကြည့်တိုက်လေးကို သတိရလိုက်ပါ။ အပြေးသာ လာခဲ့ပါ။ နွေးထွေးစွာ ဆီးကြိုနေမှာ”ဟု သူ့ တွစ်တာ စာမျက်နှာကနေ ဖိတ်ခေါ်လိုက်သည်။
စာကြည့်တိုက်များသည် ပညာရေး ကော်မတီ လက်အောက်တွင် ရှိသည်။ ကျောင်းသားများ ကျောင်းတက်ချင်အောင် အားပေးရမည့် တာဝန် စာကြည့်တိုက်များ ပခုံးပေါ်မှာ ရှိသည်။ ကျောင်းမတက်ချင် မတက်နဲ့ဟု စာကြည့်တိုက်က ယခုလို နှိုးဆော်နေခြင်းသည် ဆန်းသလိုတော့ ရှိသည်။ ပြီးတော့ သတ်သေချင်နေသည့် ကျောင်းသား လူငယ်များဟု သုံးနှုန်းထားသဖြင့်လည်း ကြမ်းတမ်းရာ ရောက်နေသည်။
သို့သော် ထိုတွစ်တာပို့စ်သည် နှလုံးသားများကို နှိုးဆွနိုင်ခဲ့သည်။ ပို့စ်တင်ပြီး (၂၄)နာရီအတွင်း တစ်ဆင့်ပြန် တွိဒ်လုပ်မှုပေါင်း ခြောက်သောင်းလောက်ထိ ရှိသည်။ အခြေအနေမှန်ကို လူတွေ လက်ခံ သဘောပေါက်နေကြပြီ။
ကျောင်းနဲ့ သေမင်း တစ်ခု ရွေးနေရတယ်။
စက်တင်ဘာလ (၁)ရက်နေ့ သတ်သေမှုကပ်ကြီးက ဆရာတွေကိုလည်း နှစ်စဉ် ခြိမ်းခြောက်နေသည်ဟု ကျောင်းမုန်း သူလေးများ အတွက် စိတ်အားဖြည့် သတင်းစာ ထုတ်ဝေရေး တာဝန်ယူထားသော ရှီခို အီရှီက ဆိုသည်။
“ဒီပရဟိတ သတင်းစာလေးကို လွန်ခဲ့တဲ့(၁၇)နှစ် အချိန် ၁၉၉၇ ခုနှစ်က စထုတ်ခဲ့တာ။ အဲဒီတုန်းက စက်တင်ဘာ ၁ ရက်နေ့မှာ ကျွန်တော်တို့အတန်းက ကျောင်းသား သုံးယောက်တောင် သတ်သေသွားတယ်။ အဲဒီ ဒဏ်ချက်က ခုထိ ရင်ထဲ နာကျင်နေတုန်း”ဟု ရှီခိုအီရှီက ပြောသည်။
“နောက်ကျောင်းသား နှစ်ယောက်ကလည်း ကျောင်းကို မီးရှို့တယ်။ ကျောင်းပြာကျသွားရင် ကျောင်းတက်စရာ မလိုတော့ဘူး ဆိုပြီး လုပ်မိလုပ်ရာ လုပ်ကြတာလို့ ၀န်ခံကြတယ်။ ကလေးတွေရဲ့ အဖြစ်ကို ကြည့်ပြီး ကလေးတွေ ကျောင်းမုန်းစိတ်ကို ကုစားပေးဖို့ နည်းလမ်းရှာမှ ဖြစ်မယ်ဆိုတာ သဘောပေါက်လာတယ်။ ကျောင်းနဲ့ သေမင်းဟာ တစ်ခုမဟုတ် တစ်ခု ရွေးချယ်ရမယ့် အရာနှစ်ခု မဟုတ်ဘူးဆိုတာ ကလေးတွေ သဘောပေါက်လာအောင် လုပ်ပေးဖို့ လိုတယ်”ဟု ၎င်းက ပြောသည်။
ဂျပန် အစိုးရသည်လည်း ကျောင်းသား လူငယ်များ၏ ကိုယ်စိတ် ပြဿနာများကို မေးမြန်း ဆွေးနွေး ကူညီပေးမည့် အရေးပေါ် ဖုန်းလိုင်းများ ဖွင့်လှစ်ထားပြီ။ သို့ဖြစ်သည့်တိုင် ပြီးခဲ့သည့် သီတင်းပတ်ကပင် ဒုတိယ စာသင်နှစ်ဝက် မတိုင်ခင်(၁၃) နှစ်သားလေး တစ်ဦး သတ်သေသွားပြန်သည်။
စည်းကမ်းတွေကို မုန်းတယ်။
ထိုစာသည် မစ္စတာအီရှီ ကိုယ်တိုင် (၁၃) နှစ်သား အရွယ်တုန်းက သတ်သေဖို့ နောက်ဆုံးစာရေးစဉ် ထိပ်ဆုံးက ရေးမိသော စာကြောင်း ဖြစ်သည်။
“ကျောင်းကို သိပ်မုန်းတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကိုယ့်မှာကလည်း ကျောင်းမသွားရင် ဘာလုပ်မလဲ ရွေးစရာ မရှိဘူး။ အဲဒီတုန်းက တကယ့်ကို ကူရာကယ်ရာမဲ့ အခြေအနေမျိုးထဲ ကျသွားတာ။ ကျောင်းက စည်းကမ်းတွေကို မုန်းတယ်။ ပြီးတော့ ကလေးချင်းကြားက စည်းကမ်းတွေ ဓလေ့တွေကိုလည်း မုန်းတယ်။ ဥပမာ ပြောရရင် ကျောင်းမှာ ကလေးချင်းကြား ပါဝါတည်ဆောက်ပုံကို သိအောင်ကြိုးစား ထားရတယ်။ ဒါမှ ဘယ်သူတွေကို ပေါင်းထားရမယ်၊ ဘယ်သူတွေကို ရှောင်ထား ရမယ်ဆိုတာ သိပြီး အနိုင်ကျင့်ခံရမယ့် ဘေးက ဝေးမယ်။ အဲဒါတောင်မှ တစ်ချိန်မဟုတ် တစ်ချိန်မှာ တစ်ကြောင်းမဟုတ် တစ်ကြောင်းနဲ့ အနိုင်ကျင့်မယ့် လူမျိုးတွေက ပေါ်လာတာပဲဟု မစ္စတာ အီရှီက ဆိုသည်။
ကျောင်းသားလူငယ်များ အတွင်း ပါဝါဖြန့်ကျက်ပုံသည်လည်း ခပ်ရိုးရိုးနဲ့ သွားနေသည် မဟုတ်။ အနိုင်ကျင့်သော ကလေးသည် အနိုင်ကျင့်ခံရသူလည်း ဖြစ်တတ်ပြန်သည်။ ပြီးခဲ့သည့်နှစ်က အစိုးရ စစ်တမ်းအရကား ကျောင်သားလူငယ် (၉၀) ရာခိုင်နှုန်းသည် သူများကို အနိုင်ကျင့်ဖူးသလို၊ ကိုယ်တိုင်လည်း အနိုင်ကျင့် ခံရဖူးကြောင်း သိရသည်။
“အဲဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ကျောင်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အလွန်အမင်း ပြိုင်ဆိုင်နေရတဲ့ ပညာရေး စနစ်ကြောင့်ပဲ”ဟု မစ္စတာ အီရှီက သုံးသပ်သည်။
အမှတ်မြင့် ကျောင်းသားတွေသာ တက်ခွင့်ရသော အထက်တန်းကျောင်းမျိုး သို့ အမှတ်မမီခဲ့ခြင်းက စကာ သတ်သေချင်စိတ် ၀င်လာခြင်း ဖြစ်ကြောင်း မစ္စတာ အီရှီက သူ့ငယ်စဉ် ခံစားချက်ကို ပြောပြသည်။ ဂျပန်တွင် စာမေးပွဲဖြေခြင်းကို စစ်ပွဲနှင့်ပင် နှိုင်းယှဉ် ပြောဆိုကြသည်။ ကလေးချင်း အပြင်းအထန် ယှဉ်ပြိုင် တိုက်ခိုက်ရသော စစ်ပွဲမျိုးထိ သဘောသက်ရောက်သည်။
မစ္စတာ အီရှီ ကံကောင်းသည်မှာ သူ့မိဘများက သူ့သေကြောင်းကြံ နောက်ဆုံးစာကို တွေ့သွားပြီး ကျောင်းမတက်ချင်လျှင် အိမ်မှာပဲနေပါဟု ခွင့်ပြုခဲ့သဖြင့် သတ်မသေဖြစ်ခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်ခန့် နားလိုက်ပြီးသည်တွင်မှ စိတ်ပိုင်းဆိုင်ရာ အသင့်ဖြစ်သွားကာ ကျောင်းပြန်တက်နိုင်ခဲ့သည်။
“ကလေးတွေအတွက် ရွေးချယ်ခွင့်တွေ များများ ရှိစေချင်တယ်။ အဲဒီလိုမှ အကောင်းရလဒ်တွေ ထွက်လာမယ်”ဟု မစ္စတာ အီရှိက ပြောသည်။
Ref: Tackling the deadliest day for Japanese teenagers By Mariko Oi (BBC News)
messengernewsjournal
No comments