Breaking News

နံရံနောက်ပုန်းနေလည်း ထိအောင် ပစ်နိုင်သည့် သေနတ်လာပြီ




နံရံသို့မဟုတ် တစ်ခုခုနောက်တွင် ပုန်းခို အကာအကွယ် ယူထားသော ရန်သူကိုပင် ထိအောင် ပစ်နိုင်မည့် ရိုင်ဖယ် သေနတ်သစ် အမေရိကန် စစ်တပ် စမ်းသပ်နေသည်။ XM25 သေနတ်ဟု နာမည် ပေးထားသည်။

Orbital ATK လက်နက် သုတေသန လုပ်ငန်းက ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ပစ်မှတ်ကို သတ်မှတ်နိုင်သလို၊ ပစ်မှတ်နေရာ ရောက်သည်နှင့် အလိုလို ကျည်ပေါက်ကွဲမည့်စနစ် ပါဝင်သည်။ ကျည်ဆန်သည် အဆင့်မြင့် နည်းပညာ ထည့်သွင်းထားသည်။

သတ်မှတ် ပေးထားသော အကွာအဝေးကို ရောက်သည်နှင့် အလိုလို ပေါက်ကွဲ ထွက်နိုင်သဖြင့် နံရံနောက်တွင် ကွယ်ပြီး ပုန်းနေလျှင်ပင် ထိုသူ၏ ဘေးနေရာကို ချိန်ပြီး အကွာအဝေး တွက်ကာ ပစ်လွှတ်လိုက်ပါက ထိုသူ၏ဘေးတွင် ကျည်ပေါက်ကွဲကာ ရန်သူ သေဆုံးမည် ဖြစ်သည်။

ရိုင်ဖယ် ကျည်ဆန်သည် ပေ (၂၃၀၀) ထိ ရောက်နိုင်ရာ သာမန် ရိုင်ဖယ် ကျည်ဆန် အလှမ်းမမီသော နေရာများသို့ပါ ရောက်နိုင်သည်။ ရိုင်ဖယ်သည် အကွာအဝေးတိုင်းသည့် လေဆာစနစ် ပါဝင်သဖြင့် ပစ်မှတ်နှင့် သေနတ် အကွာအဝေးကို အတိအကျ တိုင်းတာနိုင်သည်။

(၂၅) မီလီမီတာ ကျည်ဆန်မျိုး အသုံးပြုထားသည်။ ကျည်ဆန်ထဲတွင် ရေဒီယို အာရုံခံစနစ် ပါဝင်သည်။ ပစ်လွှတ် လိုက်ပြီးသည်နှင့် သေနတ်၏ အကွာအဝေး ထိန်းချုပ်စနစ်က ဖောက်ခွဲရန် အချက်ပေးမှုကို အာရုံခံ နေမည် ဖြစ်သည်။ သတ်မှတ်နေရာ ရောက်၍ ကျည်ဖောက်ဖွဲဖို့ အချက်ပေးမှု ၀င်လာသည်နှင့် ကျည်ကို ဖောက်ခွဲ ထုတ်လိုက်ကာ ပစ်မှတ်ကို ထိမှန်စေမည် ဖြစ်သည်။

Source: Daily Mail
The Messenger

No comments