ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို မက်ဆီဆွတ်ခူး
ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ပေးအပ်ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or) ကို ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက တစ်ကျော့ပြန် သိမ်းယူသွားခဲ့သည်။
နိုင်ငံတကာ လက်ရွေးစင်အသင်း နည်းပြများနှင့် အသင်းခေါင်းဆောင်များက မဲပေးရွေးချယ်သော ဆုတွင် အာဂျင်တီးနား အသင်းခေါင်းဆောင်က မဲအားလုံး၏ ၄၁.၃၃ ရာခိုင်နှုန်းထိ ရရှိခဲ့သည်။ ဆန်ခါတင် အဆင့်တွင် ပါဝင်ခဲ့သူ သုံးဦး၌ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုက မဲအရေအတွက် ၂၇.၇၆ ရာခိုင်နှုန်း၊ မက်ဆီ၏ ဘာစီလိုနာ အသင်းဖော် နေမာက ၇.၈၆ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့သည်။
ယခုဆုသည် မက်ဆီအတွက် ၅ ကြိမ်မြောက် ရရှိသည့် Ballon d’Orလည်း ဖြစ်လာသည်။ မက်ဆီသည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များအတွက် Ballon d’Orဆုကို မဟာပြိုင်ဘက် ရော်နယ်လ်ဒိုထံ လက်လွှတ်ပေးထားရပြီးမှ ၂၀၁၅ အတွက်ဆုကို ပြန်လည်ရယူလာနိုင်ခြင်း ဖြစ်သည်။
မက်ဆီသည် ပြီးခဲ့သည့် ရာသီက ဘာစီလိုနာအသင်း အဓိက ဆုဖလားကြီးသုံးလုံး ဆွတ်ခူးရာတွင် အဓိက ဦးဆောင် ကစားသမား အနေဖြင့် ပါဝင်ခဲ့သည်။ ၎င်းသည် ၂၀၁၅ ခုနှစ် တစ်နှစ်တာအတွင်း ဘာစီလိုနာအတွက် ၅၃ ပွဲကစားကာ ၄၈ ဂိုးသွင်းယူပြီး ၂၃ ကြိမ် ဂိုးဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ ရော်နယ်လ်ဒိုကမူ ရီးယဲလ်အတွက် ၅၂ ပွဲတွင် ၅၄ ဂိုးထိ သွင်းနိုင်ခဲ့သော်လည်း မက်ဆီ၏ အောင်မြင်မှုများက ပိုမိုထင်ရှားခဲ့သလို အထင်ကရ ဖြစ်စေမည့် သွင်းဂိုးများကိုလည်း ခြေစွမ်းပြ သွင်းယူနိုင်ခဲ့သည်။
“၂ နှစ်ဆက်တိုက် ရော်နယ်လ်ဒိုက ဒီဆုရခဲ့တာကို ထိုင်ကြည့်ခဲ့ရတဲ့နောက် ကျွန်တော်အခုလို စင်မြင့်ပေါ် ပြန်ရောက်လာခွင့် ရတာဟာ သိပ်ကို ထူးကဲတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ၅ ကြိမ်မြောက်အဖြစ် Ballon d’Orဆုကို ရရှိလာတာဟာ မယုံနိုင်စရာပါပဲ။ ကျွန်တော် ကလေးဘဝက မက်ခဲ့တဲ့ အိပ်မက် အားလုံးထက်ကို လက်ရှိ အခြေအနေက ပိုသာလွန်လာပါပြီ။ ကျွန်တော့် အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့ရဲ့ ကူညီထောက်ပံ့မှု မပါဘဲနဲ့ ကျွန်တော် ဒီလိုအောင်မြင်မှုမျိုး ရလာမှာ မဟုတ်ပါဘူး။ အကောင်းအဆုံး အားလုံးအတွက် ဘောလုံးအားကစားကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနယ်ပယ်မှာ ကျွန်တော် အများကြီး သင်ယူခွင့် ရလာခဲ့တယ်”ဟု မက်ဆီက ဇူးရစ်ခ်ျမြို့တွင် ဆုယူပြီးနောက် ပြောကြားခဲ့သည်။
မက်ဆီသည် Ballon d’Orဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ဆက်တိုက်ရရှိခဲ့ပြီး ထို့နောက်တွင်မှ ၂၀၁၅ တွင် ပြန်လည် ရယူလာနိုင်ခြင်း ဖြစ်သည်။
ယခုနှစ် ဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကိုမူ ဘရာဇီးကလပ် ဂျီယိုနီရှာ၏ အသင်းလိုက် စုပေါင်းရွေ့လျားမှုမှတဆင့် ဝမ်ဒဲလ်လိုင်ရာ နောက်ပြန်ကန်ချက်ဖြင့် အဆုံးသတ် သွင်းယူသောဂိုးက ရရှိသွားသည်။ ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်ကမူ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ပိုင်ဆိုင်လာခဲ့ပြီး အမေရိကန်သူ ကာလီလွိုက်ဒ်က တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို ဆွတ်ခူးသွားခဲ့သည်။
Ref: FIFA
No comments