ရွှေ့ပြောင်းခိုလှုံလာသူ ၈၀၀၀၀ မျှကို နေရပ်ပြန်ပို့ရန် ဆွီဒင်အစိုးရ စဉ်းစားနေ

ဆွီဒင်အစိုးရသည် နိုင်ငံအတွင်းရောက်ရှိနေသည့် ရွှေ့ပြောင်းခိုလှုံသူ ၈၀၀၀၀ မျှကို နေရပ်ပြန်ပို့ရန် စဉ်းစားနေကြောင်း သိရှိရသည်။
ဆွီဒင်ပြည်ထဲရေးဝန်ကြီးဖြစ်သူ အန်ဒါစ် ဝိုင်ဂျီမန်က ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားသူ ၈၀၀၀၀ မျှကို ငြင်းဆိုသွားပြီး နှစ်အပိုင်းအခြား တစ်ရပ်ထိ အချိန်ယူကာ လေယဉ်ဖြင့် ၎င်းတို့ကို အခေါက်ခေါက်အခါခါ
နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်သွားဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။
“ပထမတော့ လူ ၆၀၀၀၀ စာလောက်ပဲ ကျွန်တော်တို့ ပြောဆိုနေခဲ့တာ။ ဒါပေမဲ့ အရေအတွက်က ၈၀၀၀၀ လောက်ထိ တိုးလာတယ်လေ” ဟု ၎င်းက ဆိုသည်။ ၂၀၁၅ ခုနှစ်အတွင်း ဆွီဒင်သည် ဒုက္ခသည်အရေအတွက် ၁၆၃၀၀၀ ကို ခိုလှုံခွင့်ပေးခဲ့ရာ ဥရောပတွင် နိုင်ငံသား အရေအတွက် အချိုးအစားနှင့် နှိုင်းယှဉ်ပါက ဒုက္ခသည်အရေအတွက် လက်ခံမှုအမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။
ဥရောပသည် ပြီးခဲ့သည့်နှစ်အတွင်း သန်းနှင့်ချီသည့် ဒုက္ခသည်များ ဝင်ရောက်လာသည့် ပြဿနာကိုရင်ဆိုင်ခဲ့ကြပြီး အများစုသည် မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ ဂရိနှင့် အီတလီတို့မှတစ်ဆင့် ဆိုက်ရောက်လာခြင်း ဖြစ်သည်။ ဝိုင်ဂျီမန်က ရွှေ့ပြောင်းခိုလှုံသူများအနက် အရေအတွက်မည်မျှကို ဒုက္ခသည်အဖြစ် လက်ခံမည်ဆိုသည်မှာမူ ၎င်းနှင့်မဆိုင်ဘဲ သက်ဆိုင်ရာအာဏာပိုင်များနှင့် တရားရုံးများက ဆုံးဖြတ်လိမ့်မည်ဟုလည်း Twitte တွင် ရေးသားခဲ့သည်။
ဆွီဒင်သည် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူအရေအတွက် တဟုန်ထိုးမြင့်တက်လာသည့် အခြေအနေကြောင့် နယ်စပ်ဒေသတွင် ယာယီစစ်ဆေးရေးစခန်းများ ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။  

No comments