အယ်လ်နီညိုအပူဒဏ်ကြောင့် အသက်အန္တရာယ်သတိထားပါ
ဓာတ်ပုံ-စိုင်းဇော်
ယခုနှစ်သည် ရာသီဥတု အလွန်ပြင်းထန်ဆိုးရွားပြီး အပူချိန်လွန်ကဲမည့်နှစ်ဟု မိုးလေဝသ ပညာရှင်များက သုံးသပ်ထားသည်။ လက်ရှိတွင်လည်း အပူလွန်ကဲ သည့်ဒဏ်ကို စတင်ခံစားနေရပြီဖြစ်သည်။ နံနက် ၁၁ နာရီခန့် ကျဲကျဲတောက်ပူနေသည့် နေရောင်အောက်တွင် အကာအကွယ်မပါဘဲသွားမိရုံဖြင့် အပူဒဏ်ပြင်းထန်စွာ ခံစားနေရပြီဖြစ်သည်။ ယခုနှစ်အပူချိန်သည် ရာစုနှစ်အတွင်း အပြင်းထန်ဆုံး အပူဖြစ်မည်ဟု ခန့်မှန်းထားကြသည်။
ထို့ကြောင့် အပူလွန်ကဲ၍ ဖြစ်ပေါ်လာနိုင်သည့် ရောဂါများကို အထူးဂရုစိုက်ရန်လိုအပ်ပြီး အသက်အန္တရာယ်မဖြစ်အောင် အနေအထိုင်သတိပြုဆင်ခြင်ရန်လိုအပ်လှသည်။အပူချိန်လွန်ကဲခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်သည့် ဆိုးရွာသောပြဿနာမှာ အပူလျှပ်ခြင်း (HeatStroke) ဖြစ်သည်။
လူ့ခန္ဓာကိုယ်တွင် အပူကို ထိန်းညှိပေးသည့် စနစ်တစ်ခုရှိသည်။ ကိုယ်တွင်းအပူချိန် သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက်များလျှင် ခန္ဓာကိုယ်အပူထိန်းသည့်နေရာမှာ စတင် ပျက်စီးသည်။ အပူနှင့်ပတ်သက်လျှင် အဆိုးဆုံးအဆင့်ဖြစ်ပြီး သေဆုံးမှုအလွန်များသည်။ အပူလျှပ်ခြင်းလက္ခဏာအဖြစ် အရေပြားသည် မီးကျီးခဲသကဲ့သို့ ပူပြင်းခြောက်သွေ့ပြီး ရဲနေ သည်ကိုမြင်လျှင် သတိထားဖို့လိုသည်။
‘‘အရေပြားက ချွေးမထွက်တော့ဘူး။ ခေါင်းမူး၊ ခေါင်းကိုက် ပျို့အန်တာနဲ့အတူ စိတ်အာရုံတွေ ပျက်ပြားလာတယ်။ စိတ်ကို စုစည်းမရတော့ဘူး။ အမြင်တွေ ဝေဝါးပြီး ကယောင်ကတမ်းတွေဖြစ်လာတယ်။ သတိလစ်တာ၊ တက်တာတွေ ဆက်ဖြစ်လာမယ်။ နောက်ဆုံးအ ဆင့် အသက်သေဆုံးတာအထိ ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ရင် ရေခဲရေသုံးပြီး တစ်ကိုယ်လုံးကိုရေဖတ်တိုက်ပေးပါ။ ရေကိုတတ်နိုင်သမျှ များများဝင်အောင် တိုက်ပါ။ လိုအပ်ရင် ဒရစ်လိုင်း တင်ရမယ်။ ဆေးရုံအမြန်ဆုံးရောက်အောင်ပို့ရမယ်’’ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအေးမင်းထူးက ပြောသည်။
အပူလွန်ကဲမှုကြောင့် ကျန်း မာရေးပြဿနာကြုံရသည့်လူနာ ကို အေးမြ၍ အရိပ်ရသည့်နေရာ သို့ ရွှေ့ပါ။ သတိလစ်နေသည့် လူနာဖြစ်ပါက ဘေးစောင်းအနေ အထားတွင် လှဲနေစေပြီး မလို အပ်သည့် အဝတ်အစားများမှ ချွတ်ပေးရန်လိုသည်။ ယပ် (သို့ မဟုတ်) ပန်ကာဖြင့် လေအေး ပေးခြင်းပြုလုပ်ပေးရမည်။ ခန္ဓာ ကိုယ်တစ်ခုလုံးကို အေးမြသော ရေဖြင့် ရေဖတ်တိုက်ပေးပြီး ချိုင်း၊ကုပ်၊ ပေါင်ခြံ စသောနေရာတွင် ရေခဲအိတ်တင်ပေးနိုင်သည်။
အပူလျှပ်သည့်လူနာများ တွင် အပူချိန်ကို ၃၈ ဒီဂရီမှ ၃၉ ဒီဂရီအထိရောက်အောင် ၁၅ မိနစ်အ တွင်း အမြန်ဆုံးချနိုင်ရန် လိုအပ် သည်။ သို့မှသာ အသက်အန္တ ရာယ်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ အပူကျစေရန် အဖျားကျဆေး၊ အကိုက်အခဲပျောက် ဆေးလုံးဝမသုံးသင့်ပါ။ ရေဓာတ် ခန်းခြောက်ခြင်းဖြစ် သောကြောင့် ရေဓာတ်ကိုသာ အဓိကဖြည့်တင်းရမည်ဖြစ်သည်။
သတိရနေသည့်လူနာအား ရေ (သို့မဟုတ်) ဓာတ်ဆားရည် ကိုဖြစ်သည့်နည်းနှင့် ဝင်အောင် တိုက်ရမည်။ သတိလစ်သူ၊ အပူ ချိန်အလွန်ပြင်းထန်သည့် လူနာ ဖြစ်လျှင် လူနာတင်ယာဉ်ခေါ်ပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အ မြန်ဆုံးပို့ဆောင်ရန်လိုသည်။
အပူချိန်လွန်ကဲလာချိန်တွင် သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအခံ ရှိသူများအနေဖြင့် အစားအ သောက်၊ နေထိုင်မှုပုံစံမှန်ကန်ရန် လိုအပ်သည်။ မိမိ၏ ရောဂါအခံ နှင့် အပူလျှပ်ခြင်းပါတွဲဖြစ်လျှင် အသက်အန္တရာယ်ပိုများနိုင်သော ကြောင့် ဖြစ်သည်။ အပူချိန်ပြင်း ထန်သည့်အချိန် နေပူထဲသွားလျှင် သွေးတိုးသမားများအနေဖြင့် သွေးဖိအားမတက်အောင် မိမိ သောက်နေရသည့်ဆေးများကို ဂရုတစိုက်နှင့် သေချာသောက်ရန် လိုသည်။
သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါအခံရှိသူများအနေဖြင့် အချို၊ အငန်၊ ဆီပမာဏ လျှော့ စားရန်လိုသည်။ ဆေးဝါးကုသမှု များ သေချာခံယူရမည်။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရာ တွင် အရိပ်ရသည့် နံနက်စောစော ပိုင်း၌သာ လုပ်သင့်သည်။ နေပူထဲတွင် အားကစားပြင်းပြင်းထန် ထန်လုပ်ခြင်းအား ရှောင်ကြဉ်ရ မည်။ အထူးသဖြင့် နေပူကျဲကျဲတွင် အလုပ်လုပ်ရသည့် အလုပ် သမား၊ တောင်သူဦးကြီးများ နှလုံး၊ သွေးတိုး၊ ဆီးချို စသည့် ရောဂါအခံတစ်ခုခုရှိနေပါက မိမိ ကျန်းမာရေးကို အထူးဂရုပြုရန် လိုအပ်သည်။
အယ်လ်နီညိုနှစ်များမှာ အပူလွန်ကဲမှုနှင့်အတူ ရာသီဥတုအ ပြောင်းအလဲ မြန်ဆန်လွန်းသဖြင့် မိုးကြီးရေလွှမ်းခြင်းဖြစ်နိုင်သကဲ့သို့ မိုးခေါင်ရေရှားခြင်းလည်း ဖြစ်နိုင်သည်။ ရေကြီးခြင်းနှင့်အတူခြင်၊ ယင် စသည့်အင်းဆက်ပိုးမွှား များမှ ကူးစက်နိုင်သည့် ရောဂါများဖြစ်ပွားနိုင်သည်။ အထူးသဖြင့် ခြင်မှတစ်ဆင့် ကူးစက်သည့် ငှက် ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင် တုပ်ကွေးရောဂါများ သတိပြုရန် လိုသည်။ ထပ်သတိပြုရန်လိုအပ် သည်မှာ ယခုနောက်ပိုင်းခေတ် စားလာသည့် ဇီကာဗိုင်းရပ်စ်ဖြစ် သည်။ ဇီကာဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစ ကလေးများကို ထိခိုက်နိုင်သည်။
ရေကြီးပြီးသည့်အခါတိုင်း ဝမ်းပျက်ဝမ်းလျှော၊ ကာလဝမ်း ရောဂါများ အဖြစ်များသည်။ အ စားအသောက်များမှတစ်ဆင့် ကူးစက်တတ်သည့် အသည်း ရောင်အေ ဗိုင်းရပ်စ်ကိုလည်း ဂရုစိုက်သင့်သည်။ ထို့ကြောင့် အယ်လ်နီညိုရာသီနှင့်အတူ လိုက်ပါလာမည့် ကျန်းမာရေးပြဿနာ များကို သတိထားရန်လိုအပ်ပြီး လတ်တလော ဒုက္ခအပေးနိုင်ဆုံး ဖြစ်သည့် အပူချိန်လွန်ကဲမှုပြဿ နာကို အထူးသတိရှိသင့်သည်။
အပူချိန်လွန်ကဲသည့် ပြဿ နာကို ကြိုတင်ကာကွယ်ခြင်းအ နေဖြင့် လေအေးပေးစက်တပ် ထားသည့် အခန်းတွင်နေပါ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ် ခြင်းမှ ရှောင်ကြဉ်ပါ။ အရောင်ရင့် သည့် အဝတ်အစားများထက် ဖျော့သည့်အရောင်မျိုး ရွေးချယ်ဝတ်သင့်သည်။ ပေါ့ပါးချောင်ချိ သည့် ချည်ထည်အဝတ်မျိုးဝတ် ပါ။
နှလုံးရောဂါ၊ အတက်ရောဂါရှိသူများအနေဖြင့် အပြင်မထွက် သင့်ပေ။ အပြင်ထွက်လျှင် အ ဆောင်း၊ အကာ တစ်မျိုးမျိုးယူ သွားသင့်သည်။ ခရမ်းလွန်ရောင် ခြည်ဒဏ်ကာကွယ်ရန် SPF ၃၀ အထက် နေလောင်ကာလိမ်းဆေး တစ်မျိုးမျိုးလိမ်းပါ။ အသက် (၃) နှစ်အောက်ကလေးငယ်များကို ကားထဲ၌ အလုံပိတ်မထားခဲ့သင့်ပေ။ အလုံပိတ်ထားသည့်ကားထဲ တွင် ၁၅ မိနစ်ခန့်နေရုံဖြင့် ကား တွင်းအပူချိန်သည် ၂၇ ဒီဂရီမှ ၄၉ ဒီဂရီအထိ တက်လာနိုင်သော ကြောင့်ဖြစ်သည်။ ဓာတ်ဆားနှင့် ရေကို ကြိုတင်ဆောင်ထားရန် လိုအပ်သည်ဟု ဒေါက်တာအေး မင်းထူးက အကြံပြုသည်။
အယ်လ်နီညိုနှင့်အတူပါ လာသည့် အပူဒဏ်က ကလေး ငယ်များ၊ သက်ကြီးရွယ်အိုများ အတွက် အထူးသတိထားရမည်ဖြစ်ပြီး ပူပြင်းလွန်းသည့်အချိန်မှာ ပေါ့ဆ၍မရသည့် အနေအထား ဖြစ်နေသည်။ ဤရာသီသည် လူများကို အချိန်မရွေးဒုက္ခပေးနိုင် ကြောင့် သွားလာ၊ နေထိုင်၊ စားသောက်မှုများအားလုံးကို ဂရု တစိုက်ရှိနေရမည် ဖြစ်သည်။
No comments