လက်သီးဖြင့် ထိုးမည်ဟု ဂျာနယ်လစ်ကို ဇင်ဘာဘွေသမ္မတခြိမ်းခြောက်


sky news
ဇင်ဘာဘွေသမ္မတ မူဂါဘီသည် ရာထူးနေရာ ဆက်ခံမှုအစီအစဉ်များနှင့် ပတ်သက်၍ မေးမြန်းခံရပြီးနောက် နိုင်ငံပိုင်ရုပ်သံလိုင်း၌ ဒေါသတကြီးတုံ့ပြန်ခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ၏ သက်တမ်းရင့်သမ္မတ မူဂါဘီကို ၎င်းတာဝန်မှ အနားယူမည့်အစီအစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းသူတစ်ဦးက မေးမြန်းရာတွင် ၎င်းက လက်သီးဖြင့် ထိုးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံပိုင်ရုပ်သံလိုင်းမှတစ်ဆင့် ပြောကြားရာတွင် မူဂါဘီ (၉၂) နှစ်က မိမိသည် သမ္မတအဖြစ် တာဝန်ယူနေဆဲအချိန်အတွင်း ယင်းနေရာကို ဆက်ခံမည်သူ မည်သည့်ကြောင့် လိုအပ်မည်လဲဟု ပြောကြားခဲ့သည်။
မိမိသမ္မတရာထူး ဆက်လက်တာဝန်ယူနေဆဲဆိုခြင်းကို သတိထားမိစေရန် ကြမ်းပြင်သို့ လဲကျသွားအောင် လက်သီးဖြင့် ထိုးစေလိုသလားဟု မူဂါဘီက တွေ့ဆုံမေးမြန်းသည့် သတင်းထောက်အား လက်သီးဆုပ်ပြ၍ ပြောကြားခဲ့သည်။
မူဂါဘီသည် ဇင်ဘာဘွေနိုင်ငံကို လူဖြူအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး နိုင်ငံစတင် တည်ထောင်သည့် ၁၉၈၀ ကတည်းက အုပ်ချုပ်ခဲ့သူဖြစ်သည်။
မူဂါဘီက အာဏာလွှဲပြောင်းရန် အစီအစဉ်မရှိဟု ပြောကြားပြီး ဇနီးကို ၎င်း၏ ရာထူးနေရာတွင် ရွေးချယ်ခန့်အပ်မည့် ရည်ရွယ်ချက်ကိုလည်း ပယ်ချခဲ့သည်။
ဒီမိုကရေစီလိုလားသော ပါတီတစ်ခုတွင် ခေါင်းဆောင်ကို အမွေဆက်ခံစေသည့် နည်းလမ်းဖြင့် မရွေးချယ်ဘဲ ပြည်သူများကသာ ခန့်အပ်ရမည်ဖြစ်ကြောင်း မူဂါဘီက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၁ ရက်က အသက် (၉၂) နှစ်ပြည့်ခဲ့သည့် မူဂါဘီသည် အုပ်ချုပ်မှုအဆုံးသတ်ခါနီးအချိန်တွင် အာဏာရ ZANU-PF ပါတီတွင်း အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရသည်။

No comments