Breaking News

လိင်ကိစ္စအတွက် အခကြေးငွေပေးမှုကို တရားမဝင်ကြောင်း ပြင်သစ်တွင် ဥပဒေသစ် ပြဋ္ဌာန်း


အငြင်းပွားမှု အမျိုးမျိုးကြုံတွေ့ခဲ့ပြီးနောက် လိင်ကိစ္စအတွက် အခကြေးငွေပေးချေမှုကို တရားမဝင်ကြောင်း သတ်မှတ်သည့် ဥပဒေတစ်ရပ်ကို ပြင်သစ်လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည်။
အဆိုပါဥပဒေသစ်အရ လိင်ပိုင်းဆိုင်ရာရယူလိုမှုအတွက် အခကြေးငွေပေးချေခြင်းသည် ပြစ်မှုမြောက်ပြီး ယူရိုငွေ ၃၇၅၀ ထိ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်မည်ဟု သိရသည်။ ယင်းဥပဒေသစ်သည် ပြင်သစ်တွင် ပြည့်တန်ဆာလုပ်ငန်းများအပေါ် မည်သို့မည်ပုံ ထိခိုက် သက်ရောက်စေနိုင်ကြောင်း ဝေဖန်အငြင်းပွားမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
၂ နှစ်ကျော် ကြာမြင့်သည့် ဥပဒေပြုရေးဆွေးနွေးမှုများအတွင်း အထက်နှင့်အောက်လွှတ်တော်နှစ်ရပ်တွင် သဘောထားကွဲလွဲမှုများစွာ ရှိခဲ့သည်။ ဥပဒေပြုရေးနောက်ဆုံးအကြိမ် အခြေအတင် ဆွေးနွေးချိန်၌ ယင်းဥပဒေသစ်ကို ပြင်သစ်ရှိ လိင်လုပ်သားအချို့က ဆန္ဒပြခဲ့ကြသေးသည်။
လွှတ်တော်ရှေ့တွင် လိင်လုပ်သား ၆၀ ကျော် စုရုံးဆန္ဒပြခဲ့ရာ၌ “ကျွန်မတို့ကို မချုပ်ခြယ်နဲ့။ ကိုယ့်ဘဝကိုယ် ရွေးချယ်နိုင်တယ်” ဆိုသော စာတမ်းများကို ကိုင်ဆောင်လာခဲ့ကြောင်း AFP က ဖော်ပြခဲ့သည်။ Strass  လိင်လုပ်သားများ သမဂ္ဂက ယခုဥပဒေသည် အရေအတွက် ၃၀၀၀၀ မှ ၄၀၀၀၀ မျှထိရှိသည့် ပြည့်တန်ဆာများ၏ အသက်မွေးဘဝကို ထိခိုက်လာစေနိုင်ကြောင်း ဝေဖန်ခဲ့သည်။
ဥပဒေကို ထောက်ခံသူများကမူ ယခုအပြောင်းအလဲက လိင်ကိစ္စအတွက် လူမှောင်ခိုမှုများ ကျူးလွန်နေသည့် ကွန်ရက်များကို ဖြိုခွင်းရာတွင် အထောက်အပံ့ဖြစ်စေမည်ဟု တုံ့ပြန်ကြသည်။ ထို့အပြင် ပြည့်တန်ဆာလုပ်ငန်းမဟုတ်ဘဲ အခြားအလုပ်တစ်ခုခု လုပ်ကိုင်လိုသည့် နိုင်ငံခြားလိင်လုပ်သားများအတွက် ပြင်သစ်တွင် ယာယီနေထိုင်ခွင့်တောင်းခံရာတွင် ပိုမိုလွယ်ကူလာစေမည်ဟုလည်း ဆိုသည်။
ပြင်သစ်မတိုင်မီက ဆွီဒင်သည်လည်း ပြည့်တန်ဆာအဖြစ် တရားဝင်လုပ်ကိုင်နေသူ မဟုတ်ပါက လိင်ကိစ္စအတွက် ငွေအပေးအယူပြုလုပ်လျှင် ရာဇဝတ်မှုမြောက်ကြောင်း ပထမဆုံးအဖြစ် ဥပဒေပြုသတ်မှတ်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ အဆိုပါဥပဒေကို ပြဋ္ဌာန်းပြီးနောက် စတော့ခ်ဟုမ်းလမ်းမများတွင် လှုပ်ရှားနေသည့် ပြည့်တန်ဆာအမျိုးသမီးအရေအတွက် သိသိသာသာ ကျဆင်းသွားကြောင်း ဆွီဒင်အာဏာပိုင်များက ပြောကြားခဲ့သည်။
Ref: BBC

No comments