ဆရာကြီး ဒဂုန်တာရာ (၉၇)နှစ်ပြည့်မွေးနေ့ အောင်ပန်းတွင် ကျင်းပ
ငြိမ်းချမ်းရေး၊စာရေး ဆရာကြီး ဒဂုန်တာရာ၏ (၉၇)နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို မေလ ၁၀ ရက်က အောင်ပန်းမြို့ မယ်ခိုတောင် ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ဆရာကြီးဒဂုန်တာရာ ကွယ် လွန်ပြီးနောက် ဆွေမျိုးသားချင်းများ၊ စာပေချစ်သူများ၊ စာရေးဆရာများက ဆရာဒဂုန်တာရာ၏စာပေကို တန်ဖိုးထားလေးစားမြတ်နိုးသည့်အနေဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်ဟု ဆရာ ဒဂုန်တာရာ၏ တူမဖြစ်သူ ဒေါ်သင်းမြစန္ဒီက ပြောသည်။
‘‘မြန်မာစာပေအပေါ်မှာ ဆရာက သူ့ရဲ့စာဖတ်ပရိသတ် တွေအပေါ်မှာရော၊ လူငယ်တွေ အပေါ်မှာပါ အမြဲတမ်းပဲစေတနာ ထားပြီးတော့ ခေါင်းစဉ်ပေါင်းစုံနဲ့ စာရေးသွားတယ်။ အဲဒီတော့ သူ့ရဲ့ကျေးဇူးကို သတိရစေလိုတဲ့ ဆန္ဒနဲ့ ဒီမွေးနေ့ပွဲလေးကို လုပ်ဖြစ်တာပါ’’ဟု ဒေါ်သင်းမြစန္ဒီကပြောသည်။
ဆရာကြီး ဒဂုန်တာရာ၏မွေးရက်တွင် နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီးရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်အတွင်းရှိ စာပေချစ်သူများ၊ စာရေးဆရာများတက်ရောက်လေ့ရှိသည်ဟု မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂဥက္ကဋ္ဌ စာရေးဆရာထက်မြက်က ပြောသည်။
‘‘ဆရာကွယ်လွန်သည့်တိုင် ဆရာကို လာရောက်ဂါရ၀ပြုကြ တယ်။ အစဉ်အလာအတိုင်းကျင်းပတာပါ’’ဟု ဆရာထက်မြက်က ပြောသည်။
ယင်းပွဲသို့ တက်ရောက်လာ သည့် စာရေးဆရာများ၊ကဗျာ ဆရာများ၊ စာပေချစ်သူများ၊ သ တင်းစာဆရာများက ဆရာဒဂုန် တာရာ၏မွေးနေ့ အထိမ်းအမှတ် အဖြစ် ကဗျာများရွတ်ဆိုခြင်း၊ အောက်မေ့ဖွယ်သ၀ဏ်လွှာများဖတ်ကြားခြင်း၊ အမှတ်တရစကားများပြောကြားခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
စာရေးဆရာကြီး ဒဂုန်တာရာ သည် ၁၉၁၉ မေလ ၁၀ ရက်တွင် ဧရာဝတီတိုင်း ကျိုက်လတ်မြို့၊ ထိုင်ကူမြစ်တန်းရွာ၌ မွေးဖွားခဲ့ ပြီး ၂၀၁၃ တွင် ကွယ်လွန်ခဲ့သည်။ ထင်ရှားကျော်ကြားသည့် ခေတ် စမ်းစာပေစာရေးဆရာကြီးတစ်ဦး ဖြစ်ပြီး၊ ရန်သူမရှိ မိတ်ဆွေသာရှိ သည်ဟူသည့် အဆိုအမိန့်ဖြင့်ငြိမ်း ချမ်းရေးဆောင်ရွက်ရန် ပြောဆိုခဲ့ သည့် ငြိမ်းချမ်းရေးဗိသုကာတစ် ဦးလည်းဖြစ်သည်။
No comments