Breaking News

ဘေရွတ်မြို့က ဘောပင်သည်


မြင်ရသူတိုင်းရင်ထဲ ဆို့နင့်သွားရသော မြင်ကွင်းဖြစ်၏။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ လမ်းပေါ်မှာတွင် သမီးငယ်ကို ချီပိုးကာ ဈေးပေါပေါ ဘောပင်လေးတွေ လက်ထဲဆုပ်ပြီး လိုက်ရောင်းရင်း မိသားစု စားဝတ်နေရေး ငွေရှာပေးနေသော ဖခင်တစ်ဦး။

          ထိုသူကား အဒူလာ ဟာလင် အာတာ။ ဆီးရီးယားယာမောက် ဒုက္ခသည် စခန်းတွင် နေထိုင်သော ပါလက်စတိုင်း ဒုက္ခသည်။ ယခုအခါ လက်ဘနွန်ဘက်ကို ပြောင်းရွှေ့ ခိုလှုံနေရသူ။ အာတာကို ကမ္ဘာက သိသွားရသည်မှာ အိုက်စလန်နိုင်ငံသား သတင်းထောက် ဂီဆာ ဆီမွန်နာဆန်၏  အားထုတ်မှုကြောင့် ဖြစ်သည်။

          မစ္စတာ ဆီမွန်နာဆန်သည် ပဋိပက္ခဇုန် ဒေသများဆိုင်ရာ သတင်းဝဘ်ဆိုက် Conflict News အတွက် လုပ်ကိုင်နေသူ ဖြစ်သည်။ လက်ဘနွန်မြို့ထဲမှာ သမီးငယ် ချီကာ ဈေးပေါပေါ ဘောပင်လေးတွေ လက်တစ်ဆုပ်စာကိုင်ပြီး လိုက်ရောင်းနေရသည့် ခိုလှုံသူ ဒုက္ခသည် မစ္စတာ အာတာ၏ အဖြစ်ကို ဓာတ်ပုံ မှတ်တမ်းတင်ကာ သတင်းရေးပြီး တွစ်တာမှာ တင်လိုက်ရာ ကမ္ဘာတစ်ဝန်းက လူအများက မစ္စတာ အာတာ၏ အဖြစ်ကိုများစွာ သနားကရုဏာသက် ခဲ့ကြသည်။ မစ္စတာအာတာကို ဆက်သွယ် ချင်သူတွေလည်း ပေါ်လာသောကြောင့် မစ္စတာ ဆီမွန်နာဆန်သည် ဘေရွတ်မြို့ထဲ လှည့်ကာ မစ္စတာ အာတာကို ရှာပုံတော် ဖွင့်ရသည်။ သိပ်တော့ မရှာလိုက်ရ။ လက်ဘနွန် သတင်းထောက်များ၊ ပရဟိတ လုပ်သားများ အကူအညီဖြင့် နာရီဝက်အတွင်း မစ္စတာ အာတာကို တွေ့သည်။

          မစ္စတာ အာတာကို ကူညီရေး အတွက် တွစ်တာ အကောင့်သစ် တစ်ခု ဖွင့်ပြီး အွန်လိုင်း အလှူငွေ ကောက်ခံနိုင်သည့် Indiegogo ၀ဘ်ဆိုက်တွင် ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်ကာ မစ္စတာ ဆီမွန် နာဆန်က အလှူခံပေးခဲ့သည်။ မစ္စတာ အာတာနှင့် သူ့သမီးလေး အတွက် (၁၅) ရက် အတွင်း ဒေါ်လာငါးထောင် ရလိုပါသည် ဟုလည်း ကြေညာလိုက်သည်။

          စတင် အလှူခံပြီး မိနစ် သုံးဆယ် အတွင်းမှာပင် အလှူငွေ ဒေါ်လာ ငါးထောင် ကျော်သွားသည်။ စတင် အလှူခံပြီး (၂၂) နာရီ အတွင်းမှာပင် အလှူငွေက ဒေါ်လာ (၆၀၇၅၂) ထိ ရောက်ရှိသွားသည်။ ယခုထိလည်း အလှူငွေများ လက်ခံရရှိနေဆဲ ဖြစ်သည်။

          ''မြန်လွန်းလို့ သိပ်ကို အံ့သြမိပါတယ်။ ဒီလောက်များများကြီး ရမယ်လို့လည်း ထင်မထားခဲ့တော့ ယုံတောင် မယုံနိုင်ဘူး''ဟု မစ္စတာ ဆီမွန်နာဆန်က ပြောသည်။

          ''ကျွန်တော် တောင်းထားတဲ့ ငွေထက် အများကြီးပိုတဲ့ ငွေတွေ ရလာတယ်။ လူတစ်ယောက် အတွက် သာမက လူအများအတွက်ပါ ကူညီနိုင်လောက်တဲ့ ငွေတွေ'' ဟု မစ္စတာ ဆီမွန်နာဆန်က ပြောသည်။

          သူနဲ့ သူ့သမီးအတွက် အလှူငွေတွေ ဒေါ်လာ ထောင်သောင်းချီ ရထားကြောင်း မစ္စတာ အာတာကို ပြောပြလိုက်တော့ ၀မ်းသာလွန်းလို့ ငိုရှာသည်။

          ပြည်တွင်းစစ် လေးနှစ်ကျော်လာပြီ ဖြစ်သော ဆီးရီးယားကို စွန့်ကာ အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေရသည့် ဆီးရီးယား စစ်ပြေး ဒုက္ခသည် လေးသန်းကျော်နေပြီ။ ထိုအထဲတွင် လက်ဘနွန်မှာ ချည်း ယခုနှစ်ကုန်ဆိုလျှင် (၁ ဒသမ ၉) သန်းလောက်ထိ ရှိလာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

          မစ္စတာ ဆီမွန်နာဆန်သည် သတင်းထောက်သာ ဖြစ်သည်။ တစ်ခါမှလည်း ရန်ပုံငွေ မကောက်ခံဘူးချေ။ ရန်ပုံငွေကို ဒုက္ခသည်များထံ ဖြန့်ဝေချပေးသည့် အလုပ်မျိုးလည်း လုပ်ဖူးသူ မဟုတ်။ မစ္စတာအာတာနှင့် သမီးငယ်၏ အဖြစ်ကို မြင်ရသဖြင့် ကြေကွဲရသောကြောင့်သာ Indiegogo ပေါ်တက်ပြီး အလှူခံပေးခဲ့ခြင်း ဖြစ်သည်။

             ဒေါ်လာ ငါးထောင်လောက်သာ သူအလှူခံခဲ့သော်လည်း ယခုဆိုလျှင် အလှူငွေ ဒေါ်လာ သိန်းဂဏန်း ရရှိနေပြီ။ မိုးပေါ်က ကျလာသည့် ငွေများ။

          Indiegogo တွင် တစ်ခါတစ်ရံ မမျှော်လင့်ထားဘဲ ငွေလုံး ငွေရင်းလိုက် အလှူခံ ရရှိတတ်သည်။ ဇွန်လတုန်းက ဂရိကြွေးမြီး အကျပ်အတည်း ကူညီရအောင် အလှူငွေ ထည့်ကြပါဦးဟု လန်ဒန်သား တစ်ဦးက ဟာသ သဘော အလှူခံခဲ့ရာ ဒေါ်လာ (၂ ဒသမ ၂) သန်းထိ အလှူငွေ ရရှိခဲ့သဖြင့် အံ့သြလွန်းသောကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရသည်။

            ဖေဖော်ဝါရီတုန်း ကလည်း အင်္ဂလန်နိုင်ငံ ဂိတ်စ်ဟတ်မြို့တွင် ပစ္စည်းရိုက် အလုခံရသော အဘိုးအို တစ်ဦး အတွက် အလှပြင်ဆရာမ တစ်ဦးက Indiegogo ကနေ အလှူငွေ ဒေါ်လာ (၇၇၀) တောင်းခံပေးခဲ့ရာ ကမ္ဘာတစ်ဝန်းကနေ ၀ိုင်းလှူလိုက်ကြသည့် ငွေပေါင်းက ဒေါ်လာ (၅၀၅၀၀၀) ထိ ရှိခဲ့သည်။

          မစ္စတာ အာတာ အတွက် အလှူငွေများထဲက အချို့ကို လက်ဘနွန် ဒေသခံ ပရဟိတ အဖွဲ့ တစ်ခုဖွဲ့သို့ ပေးအပ် လှူဒါန်းသွားမည်ဟု မစ္စတာ ဆီမွန်နာဆန်က ပြောသည်။

          ဒုက္ခသည်များ ဆိုင်ရာ ပရဟိတ အဖွဲ့တစ်ဖွဲ့ဖြစ်သော Refugee Action ၏ ဥက္ကဋ္ဌ စတီဖန်ဟေးလ်ကလည်း ''အခု ဖြစ်စဉ်ကို ကြည့်ရုံနဲ့ ဒုက္ခသည်တွေ အတွက် ကမ္ဘာ့ပြည်သူတွေဟာ ဘယ်လောက် တက်တက်ကြွကြွ ကူညီလိုတယ် ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံ့ ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူတွေကို အတု ယူသင့်ပါတယ်''ဟု ထောက်ပြ ပြောကြားသည်။

          ''ဆီးရီးယားလို စစ်ဘေးသင့် နိုင်ငံတွေကနေ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ နေထိုင် စားသောက်ရေးကအစ လူမှုခံစားခွင့်တွေပါ လုံလောက်အောင် နိုင်ငံတကာ အသိုက်အ၀န်းက အခုထက် အဆများစွာ ကူညီဖို့ လိုအပ်နေပါတယ်။ မစ္စတာ အာတာနဲ့ မိသားစုရဲ့အဖြစ်မျိုးဟာ သူတို့နည်းတူ ဒုက္ခတောမှာ ရုန်းကန်နေရတဲ့ ဘ၀တူ ဆီးရီးယား ဒုက္ခသည် အားလုံးကို ကိုယ်စား ပြုနေပါတယ်ဟု မစ္စတာ ဟေးလ်က ပြောသည်။

          ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် ဆီးရီးယား ပြည်တွင်းနှင့် အိမ်နီးချင်း နိုင်ငံများရှိ ဆီးရီးယား စစ်ပြေး ဒုက္ခသည်များကို ကူညီရန် နိုင်ငံတကာ အစိုးရများထံမှ ဒေါ်လာ သန်း (၅၅၀၀) တောင်းခံထားရာ ယခုထိတိုင် လေးပုံတစ်ပုံပင် ပြည့်အောင် မရသေးကြောင်း သိရသည်။

          ဒုက္ခတောမှာ နစ်နေရသူ တစ်ဦးအဖို့ငွေကြေးသည် ဘ၀တစ်ခုလုံးကို အကောင်းဘက် ပြောင်းသွားစေနိုင်စွမ်း ရှိ၏။ ရရှိထားသည့် အလှူငွေဖြင့် သူ့သမီး နှစ်ယောက်ကို ကျောင်းထားမည်၊ တစ်ခြား ဘ၀တူ ဆီးရီးယား ဒုက္ခသည်များကိုလည်း ကူညီမည်ဟု မစ္စတာ အာတာက ဆိုသည်။

          မစ္စတာ ဆီမွန်နာဆန် ကလည်း မစ္စတာ အာတာနည်းတူ အခြားသော ဒုက္ခသည်များကိုပါ ကူညီနိုင်ဖို့ ရန်ပုံငွေများ ဆက်လက် ကောက်ခံ သွားမည်ဟု ဆိုထားသည်။

          ''တစ်ခါတလေ လူသားရဲ့ အကြင်နာဓာတ်ကို ဟုန်းခနဲ မီးတောက်ကြီးမျိုး ဖြစ်လာအောင် မီးပွားလေး တစ်စကနေ စမြိုက် ပေးရသလိုပေါ့။ မီးပွားလေးကြောင့် မီးတောက်ကြီး ဖြစ်လာပြီဆိုရင် တခြားသူ တွေအတွက်ပါ အနွေးဓာတ်တွေ ဆက်ဖြန့် ကြက်ပေးနိုင်မယ်'' ဟု မစ္စတာ ဆီမွန်နာဆန်က ပြောသည်။

           သို့သော် မစ္စတာ အာတာလိုမျိုး ရင်နင့်စရာ မြင်ကွင်းမျိုး တစ်ခုခုမပြနိုင်ဘဲ လူများစုကြီး အတွက် ယေဘုယျ သဘောသာ အလှူခံမည် ဆိုပါက ယခုလို ရလဒ်မျိုး ထွက်လာပါမည်လား။ အွန်လိုင်းပေါ်ကနေ အလှူငွေ ထည့်ဝင်ကြသူများသည် စိတ်ကိုထိရှသည့် အကြောင်းအရာ တစ်ခုခုရှိပါမှ ကလစ်နှိပ်ကာ ငွေလှူ ကြလိမ့်မည်။

             စိတ်ကို မထိရှပါက ကျော်သွားကြလိမ့်မည်။ မစ္စတာ အာတာ ကိစ္စလိုမျိုး အလှူငွေတွေ အင်တိုက် အားတိုက် ထည့်ချင်မှ ထည့်ကြပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ကို ကူညီရာကနေ လူအများကိုပါ  ကူညီနိုင်လာတယ် ဆိုရင်ပဲ တော်တော် အားရစရာ ကောင်းနေပါပြီဟု မစ္စတာ ဆီမွန်နာဆန်က ပြောသည်။

          လူတွေရဲ့ စိတ်လိုအင်ကိုလည်း ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ကိုယ်လှူလိုက်တဲ့ ငွေကြောင့် လူတစ်ယောက် ဘ၀ သိသိသာသာ ပြောင်းလဲသွားတာမျိုးကို ပိုမြင်ချင်ကြတယ်လေ။ လူအများကြား ရောက်ပြီး ကိုယ့်ငွေရဲ့ သက်ရောက်မှု ပျောက်သွားတာမျိုးကို သိပ်မမြင်လိုကြဘူးဟု မစ္စတာ ဆီမွန်နာဆန်က ဆိုသည်။

 Ref: The pen-seller of Beirut (BBC)
messengerdailynews

No comments