Breaking News

လွဲမှားတဲ့ အယူ





တရုတ်နိုင်ငံမှာ ထူးခြားတဲ့ အဖွဲ့စည်းတစ်ခု ဖွဲ့စည်းထားပါတယ်။ အဲဒါကတော့ ကျင်ငယ်ရည် ကုထုံးဖြင့် ရောဂါတွေကို ကုသပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျင်ငယ်ရည် သောက်ပါက ရောဂါတွေကို ပျောက်ကင်းတယ်လို့ ယုံကြည်နေသူတွေနဲ့ အသင်းကို ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။
ဒီအဖွဲ့ကို ဦးဆောင်သူကတော့အသက် (၈၀) နှစ်အရွယ်ရှိ ဘာအိုဖြစ်ပါတယ်။ ကျင်ငယ်ရည် သောက်ပါက သက်ရှည် ကျန်းမာတယ်လို့ တရုတ်လူ့အဖွဲ့အစည်းမှာ ယုံကြည်နေသူတွေ အများအပြား ရှိနေပါ တယ်။ ဒီအထဲမှာ ဘာအိုလည်း ပါဝင်ခဲ့ပြီး ကျင်ငယ်ရည်ဖြင့် ရောဂါတွေကို ကုသနိုင်ကြောင်း ကိုယ်တိုင်သောက်ပြမှု ပြုလုပ်ခဲ့ပါတယ်။ ဘာအိုဟာ နေ့စဉ် ကျင်ငယ်ရည်ကို သောက်သုံးလေ့ရှိကြောင်း သိရပါတယ်။

      ဘာအိုဟာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အသက် (၆၁) နှစ်အရွယ် မစ္စတာယီနဲ့ အတူ ကျင်ငယ်ရည်ကို သောက်ပြခဲ့တာ ဖြစ်ပါတယ်။ မစ္စတာယီဟာ အစောပိုင်းမှာ ကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး ကျင်ငယ်ရည် သောက်သုံးမှုကြောင့် သက်သာ ပျောက်ကင်းခဲ့တယ်လို့ ယုံကြည်နေသူ ဖြစ်ပါတယ်။ ဘာအိုနဲ့ မစ္စတာယီတို့ဟာ နံနက် မိုးသောက်ကို ရောက်တဲ့အခါ ကျင်ငယ်ရည်ခွက်ကို ကိုယ်စီကိုင်ကာ သောက်သုံးခဲ့ခြင်း ဖြစ်ပါတယ်။
      ဒီလို သောက်သုံးပြီးနောက် မစ္စတာ ယီက အရမ်း အရသာရှိကြောင်း၊ နောက်ထပ် သောက်သုံးချင်သေးကြောင်း ပြောကြားခဲ့သလို ဘာအိုကလည်း လက်ဘက်ရည်ကြမ်း သောက်ရသလိုမျိုး ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကျင်ငယ်ရည် ကုထုံးအဖွဲ့ကို ဦးဆောင်သူတွေဖြစ်ပြီး ဒီအဖွဲ့ကို ၂၀၁၀ က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ တရုတ် အစိုးရကတော့ တရားဝင် ခွင့်ပြုချက် မပေးခဲ့ပေမယ့် ၀ူဟန်မြို့မှာ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ စတင်ဖွဲ့စည်းစဉ်မှာ အဖွဲ့ဝင် ( ၄၀၀) သာ ရှိပေမယ့် လက်ရှိအချိန်မှာတော့ အဖွဲ့ဝင် (၁၀၀၀)ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
      ကျင်ငယ်ရည်သောက်ပါက ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အခြားရောဂါတွေကိုလည်း သက်သာ ပျောက်ကင်းစေတယ်လို့ ဘာအိုက ယုံကြည်နေပေမယ့် ဆရာဝန်တွေကတော့ ကျင်ငယ်ရည် သောက်သုံးခြင်းဟာ ဘာအကျိုးကျေးဇူးမှ မရှိကြောင်း၊ ကျင်ငယ်ရည်ဟာ လူသားတွေရဲ့  စွန့်ပစ်ပစ္စည်းသာ ဖြစ်ကြောင်း သတိပေး ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

messengernewsjournal

No comments