တရုတ်ရှိ စာသင်ကျောင်းများတွင် လိင်မှုပညာပေး သင်ခန်းစာ စတင်သင်ကြား
လိင်မှုကိစ္စပညာပေး အစီအစဉ်ဟာ ဗြိတိန်မှာ ထူးခြားတဲ့အရာ မဟုတ်ပေမယ့် တရုတ်နိုင်ငံမှာတော့ အလွန်ကြီးကျယ်တဲ့ ကိစ္စရပ် ဖြစ်နေပါတယ်။ လူ့အဖွဲ့အစည်းမှာ လိင်ကိစ္စဟာ ရှက်စရာမလိုပေမယ့် အာရှနိုင်ငံ တွေမှာတော့ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုရာမှာ အရှက်အကြောက် ကြီးနေဆဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း ဒီပြဿနာကို ကြုံနေရဆဲ ဖြစ်ပါတယ်။
လိင်မူကိစ္စကို ရှက်စရာအဖြစ် ထင်မှတ်ခဲ့တာကြောင့် အသိပညာပေးမှုတွေ ဆောင်ရွက်ရာမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ ကိုယ်ဝန်ရသွားခြင်း၊ လိင်နဲ့ ပတ်သက်တဲ့ရောဂါတွေ ရရှိခြင်း စတာတွေကို ကြုံနေရပါတယ်။
တရုတ်နိုင်ငံရှိ ကျောင်းတွေမှာ လိင်မှုကိစ္စ ပညာပေး အစီအစဉ်တွေကို ဆောင်ရွက်နိုင်ဖို့ ကြိုးစား ဆောင်ရွက်နေကြောင်း သိရပါတယ်။ ဘေဂျင်းတက္ကသိုလ်က ပရော်ဖက်ဆာ ဖန်ဂန်ဟာ လိင်မှုရေးရာနဲ့ ပတ်သက်ပြီး သင်တန်းတွေကို ပို့ချနေသူဖြစ်ပါတယ်။ ဖန်ဂန်ဟာ ပြီးခဲ့တဲ့ရက် သတ္တပတ်မှာ ချောင်ကွင်းဒေသက လိင်ပညာပေး အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး လိင်မှုပညာပေး ကိစ္စရပ်တွေကို ပို့ချပေးခဲ့ ပါတယ်။ ဒီသင်တန်းဟာ(၃)ရက်ကြာခဲ့ ပြီး စခန်းသွင်း ပုံစံမျိုးနဲ့ သင်ကြားပို့ချခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာက သင်တန်းကို ကျောင်းသားတွေရဲ့ မိဘတွေပါ လေ့လာစေခဲ့တာ ဖြစ်ပါတယ်။ လိင်မှုကိစ္စ ပညာပေး သင်ခန်းစာတွေကို ဆရာ၊ ကျောင်းသား၊ မိဘတို့ စားပွဲဝိုင်း တစ်ခုတည်းမှာ ထိုင်ပြီး ဆွေးနွေးစေခဲ့တာ ဖြစ်ပါတယ်။ အသက် (၁၁)နှစ်ကနေ (၁၈)နှစ်အထိရှိတဲ့ ကျောင်းသား ( ၂၂) ဦးတက်ရောက် သင်ယူခဲ့ပါတယ်။ ကျောင်းသားတွေကို တစ်ကိုယ်ရေ ဆန္ဒဖြေခြင်း၊ ကွန်ဒုံးအသုံးပြုခြင်း၊ လိင်ကိစ္စအပေါ် စိတ်ဝင်စားခြင်း စတာတွေ ကိုရင်းနှီးစွာ တိုင်ပင်ပြီး သင်တန်းပို့ချခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေဟာ ကလေးငယ်တွေအနေနဲ့ လိင်မှုကိစ္စကို ထင်ထားတာထက် ပိုသိနေတာကြောင့် အံ့အားသင့်ခဲ့ ပါတယ်။
ပရော်ဖက်ရှာဖန်ဂန်ကတော့ တရုတ် လူ့အဖွဲ့အစည်းဟာ လိင်မှုကိစ္စကို ရှက်စရာ မြင်နေကြောင်း၊ မိမိတို့အနေဖြင့် မြို့ကြီး များရှိကျောင်းများတွင် ပညာပေး အစီအစဉ်များ ဆက်လက်ပို့ချသွားမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် ပိုမိုပွင့်လင်းမှု ရှိလာမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=42244

No comments