Breaking News

အခိုးခံရတာ ၃၅ နှစ်နေမှ တယော ပြန်တွေ့


  ပိုလန်သား တယောပညာရှင်ကြီး ရိုမန်တိုတန်ဘာ့ဂ်ျထံမှ ပျောက်ဆုံး သွားသော စထရာဒီဗေးရီးယက်စ် တယောကို ၃၅ နှစ် အကြာတွင်မှ ပြန်တွေ့ရှိကြောင်း သိရသည်။
          ၁၉၈၀ ပြည့်နှစ်တွင် တိုတန်ဘာ့ဂ်ျ၏ ရုံးခန်းမှ အခိုးခံရခြင်းဖြစ်သည်။ ယခုနှစ် ဇွန်လတွင်မှ ကွယ်လွန်သူ ခင်ပွန်းထံမှ အမွေရသော စထရာဒီဗေးရီးယက်စ် တယောသည် မည်မျှ အသံချိုကြောင်း ကျန်ရစ်သူဇနီးက ဂုဏ်တင်ပြောဆိုရာမှ ပျောက်ဆုံး တယောကို ခြေရာခံမိခြင်းဖြစ်ကြောင်း သိရသည်။


          အီတလီနိုင်ငံသား တယောပညာရှင် အန်တိုနီယိုစထရာဒီဗာရီ (၁၆၄၄-၁၇၃၇) ဖန်တီးခဲ့သော စထရာဒီဗေးရီးယက်စ် တယောများသည် ကမ္ဘာ့အသံအချိုဆုံး အကောင်းဆုံးအဖြစ် ယခုထိတိုင် ပြိုင်ဘက်ကင်းဆဲဖြစ်ကာ တယောတစ်လုံးလျှင် ဒေါ်လာသန်းချီ တန်ဖိုးရှိနေသည်။
          ပိုလန်သား တိုတန်ဘာ့ဂ်ျ (၁၉၁၁-၂၀၁၂) သည် ၁၉၄၃ ခုနှစ်တွင် အထက်ပါ တယောကို ဒေါ်လာ တစ်သောင်းခွဲ (ယနေ့ တန်ဖိုးနှင့် ဆိုလျှင် ဒေါ်လာနှစ်သိန်း) နှင့် ၀ယ်ယူခဲ့သည်။ တိုတန်ဘာ့ဂ်ျသည် အခိုးခံရသည့် ၁၉၈၀ ပြည့်နှစ် အထိ ထိုတယော တစ်လုံးတည်းကိုသာ စွဲမြဲစွာ အသုံးပြုခဲ့သူ ဖြစ်သည်။ တယောခိုးခံရပြီး နောက်ပိုင်း ၉၀ ပြည့်နှစ်များအထိ တိုတန်ဘာ့ဂ်ျသည် နောက်ထပ် တယောတစ်လုံးဖြင့် အစားထိုး အသုံးပြုခဲ့သော်လည်း တစ်သက်လုံး သုံးလာသော တယောလေးကို အမြဲတသ နေတတ်သည်ဟု အမေရိကန်နိုင်ငံတွင် နေထိုင်သော သမီးဖြစ်သူ နီနာတိုတန်ဘာ့ဂ်ျက ပြောသည်။ ရိုမန်တိုတန်ဘာ့ဂ်ျ သည် ၂၀၁၂ ခုနှစ် အသက် ၁၀၁ နှစ် အရွယ်၌ ကွယ်လွန်ခဲ့သည်။
          တယောကိုတိုတန်ဘာ့ဂ်ျ၏ သမီးထံသို့ ပြန်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ ခိုးမှုဖြင့် မည်သူ့ကိုမျှ အမှုမဖွင့်တော့ ဟုလည်း သိရသည်။

http://www.messengernewsjournal.com/General/Eventure/detail.php?id=42239

No comments