Breaking News

မသန်စွမ်း ကလေးငယ်ကို မွေးစားဖို့ ကြိုးစားနေတဲ့ မိသားစု







အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ မိသားစုတစ်စုဟာ တရုတ်နိုင်ငံမှာရှိတဲ့ ကလေးငယ်တစ်ဦးကို မွေးစားနိုင်ဖို့ ကြိုးစားနေတာ မကြာမီကာလအတွင်း ဖြစ်မြောက်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။      ဒီကလေးငယ်ဟာ မိဘမဲ့ကျောင်းမှာ နေထိုင်နေရတာဖြစ်ပြီး ငယ်စဉ်ကတည်းက စွန့်ပစ်ခံရတဲ့အပြင် ခန္ဓာကိုယ် အောက်ပိုင်း ပါရှိခြင်း မရှိတာကြောင့် လမ်းလျှောက်နိုင်ခြင်း မရှိပါဘူး။
ဒါကြောင့် အသက် (၉)နှစ်အရွယ်ရှိ ကလေးငယ်ကို မွေးစားနိုင်ဖို့ ကင်းဆက်မြို့မှာ နေထိုင်တဲ့ ဇနီးမောင်နှံအနေနဲ့ ခက်ခဲစွာ ကြိုးစားနေရပါတယ်။ လက်ရှိအချိန်မှာ ကလေးငယ်ဟာ ဘေဂျင်းမြို့ရှိ မိဘမဲ့ဂေဟာမှာ နေထိုင်နေပြီး သူ့ကို ဘရိုင်ယန်နဲ့ ဂျာရီတို့ ဇနီးမောင်နှံက မွေးစားဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
      Jia Jia အမည်ရ ကလေးငယ်ဟာ သုံးလသားအရွယ်မှာ စွန့်ပစ်ခြင်း ခံလိုက်ရတာဖြစ်ပြီး မသန်စွမ်းဘ၀နဲ့ ခက်ခဲတဲ့ အခြေအနေကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ Jia Jia ကို မွေးစားဖို့ ကြိုးစားရာမှာ ခရီးစရိတ်တွေအပြင် ကျန်းမာရေး စရိတ်ပါ ရှာဖွေသွားရမှာ ဖြစ်ပါတယ်။ ခန့်မှန်းထားတဲ့ ငွေကြေးက ဒေါ်လာ( ၃၀၀၀၀)ကျော် အထိ ရှိနိုင်တာကြောင့် ဘရိုင်ယန်နဲ့ ဂျာရီတို့ ဇနီးမောင်နှံအနေနဲ့ တတ်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်  အကူအညီ တောင်းခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို CNN သတင်းမှာ ဖော်ပြပေးခဲ့ရာ မမျှော်လင့်ဘဲ အလှူငွေတွေ အများကြီး ရခဲ့ပါတယ်။ အလှူရှင် ( ၆၀၀)ကျော်က ဒေါ်လာ ( ၄၀၀၀၀)ကျော် လှူဒါန်းခဲ့တာကြောင့် မူလမျှော်လင့်ထားတာထက် ဒေါ်လာ (၁၀၀၀၀) ကျော် ပိုရခဲ့ပါတယ်။ အလှူငွေ တွေကလည်း ၀င်လာမစဲ ဖြစ်တာကြောင့် ဆေးကုသဖို့အပြင် ဘ၀ထူထောင်ရေး အတွက်ပါ အသုံးချနိုင်တော့မှာ ဖြစ်ပါတယ်။
      ဘရိုင်ယန်နဲ့ ဂျာရီတို့ဇနီးမောင်နှံဟာ  အသက်(၁၉)နှစ်ကနေ ( ၂၆)နှစ် အတွင်းရှိ အမျိုးသမီး သုံးဦးကိုလည်း မွေးစားထားကြတယ်လို့ သိရပါတယ်။ ဘရိုင်ယန်နဲ့ ဂျာရီတို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ မိသားစုထဲကို ကလေးငယ် တစ်ဦး ရောက်လာတော့မှာ ဖြစ်လို့ ပျော်ရွှင်နေကြပြီး ခရစ္စမတ် ကာလမှာ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

No comments