ကားဂိတ် ခရီးစဉ် အချိန်ပြတီဗီမှာ အပြာကားတွေ ပေါ်နေလို့
ဘရာဇီးနိုင်ငံတွင် ဘတ်စ်ကားဂိတ် တစ်ခု၌ ခရီးစဉ် အချိန်ဇယားများ ပြသသည့်တီဗီကို ဟက်ကာများက ထိန်းချုပ်ကာ အပြာကားတွေ ပြသမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘရာဇီးတောင်ပိုင်း ကူရီတီဘာမြို့ ဘိုကွာရောင် ကားဂိတ်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။ ခရီးစဉ်ပြ တီဗီမှာ အပြာကားတွေ ပေါ်နေသဖြင့် ၀န်ထမ်းများမှာ အူယား ဖားယားဖြင့် တီဗီပလပ်ကြိုး ပြေးဖြုတ်ကြရသည်။ (၁၅) မိနစ်လောက် အပြာကားတွေ ပေါ်နေပြီးမှ ပလပ်ဖြုတ် လိုက်နိုင်ခြင်း ဖြစ်သည်။ ထိုအချိန်သည် ကားဂိတ်မှာ လူစုံနေချိန်လည်း ဖြစ်သောကြောင့် ထိုမြင်ကွင်းကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်လိုက်ကြရာ ဘရာဇီး ဆိုရှယ် မီဒီယာပေါ်မှာ ဟာသကြီး ဖြစ်ခဲ့သည်။
ရဲများကတော့ ထိုကိစ္စကို စုံစမ်း စစ်ဆေးလျက်ရှိသည်။ ဘရာဇီး ဆိုင်ဘာမှုခင်း ရဲတပ်ဖွဲ့သည် ဘတ်စ်ကားဂိတ် တီဗီများကို ထိန်းချုပ်ထားသော ကွန်ပျူတာစနစ်ကို ထိုးဖောက် ၀င်ရောက်သည့် ဟက်ကာများကို ခြေရာခံလိုက်နေသည်။ လူဦးရေ နှစ်သန်းကျော် နေထိုင်သည့် ကူရီတီဘာမြို့သည် ပရာနာပြည်နယ် မြို့တော်ဖြစ်ပြီး ဘရာဇီး တောင်ပိုင်းခြမ်းတွင် အကြီးဆုံးမြို့ ဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း တရုတ်နိုင်ငံ လီရှူးမြို့ ၀မ်ဒီပလာဇာ ရှောပင်း စင်တာရှေ့ ဖန်သားပြင်ကြီးပေါ်တွင် အပြာကားပေါ်နေမှု ဖြစ်ပွားခဲ့သေးသည်။ ဖန်သားပြင်ကြီးတွင် ကြော်ငြာများ ပြသမှုကို ထိန်းချုပ်ထားသော ကွန်ပျူတာတွင် ၀န်ထမ်းတစ်ဦးက အပြာကားကြည့်နေမှုကြောင့် ထိုသို့ ပေါ်လာခြင်း ဖြစ်သည်။ ကိုးမိနစ်လောက် အပြာကားတွေ ပေါ်နေပြီးမှ ပိတ်ပစ်လိုက်နိုင်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
Source: BBC
messenger news journal
No comments