ဘ၀နေမှုပုံစံ အနည်းငယ် ပြောင်းလိုက်ရုံဖြင့် ကင်ဆာ သိသိသာသာ ကာကွယ်နိုင်
လူတွေ ယခုထက် ပိုကျန်းမာအောင် ဂရုစိုက် စားသုံးမည်၊ ကျန်းမာရေး လေ့ကျင့်ခန်းလေး နည်းနည်း ပိုလုပ်မည်၊ အရက် သောက်တာ နည်းနည်းလျှော့မည် ဆိုလျှင်ပင် ကင်ဆာဖြစ်ပွားနှုန်းများ သိသိသာသာ လျော့ကျသွားမည် ဖြစ်ကြောင်း ဗြိတိန် လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
ဘ၀နေမှုပုံစံ အနည်းငယ်လောက် ပြောင်းလိုက်ရုံနှင့်ပင် ဗြိတိန်နိုင်ငံတွင် တစ်နှစ်လျှင် ရင်သားကင်ဆာ ဖြစ်ပွားသူ (၂၀၀၀၀)၊ အူမကြီး ကင်ဆာဖြစ်ပွားသူ (၁၉၀၀၀) လျော့ကျသွားမည်ဟု World Cancer Research Fund ၏ စစ်တမ်းက ဆိုသည်။ ကမ္ဘာ့ အခြားသော နိုင်ငံများသည်လည်း နေမှုပုံစံ အနည်းငယ်လောက် ပြောင်းလဲလိုက်ရုံဖြင့် ကင်ဆာဖြစ်နှုန်း လျှော့ချနိုင်မည်ဟု စစ်တမ်းက နှိုးဆော်သည်။
၂၀၁၃ ခုနှစ်တွင် ဗြိတိန်၌ ကင်ဆာ ဖြစ်ပွားသူ (၃၅၁၀၀၀) ဦး တိုးလာခဲ့သည်။ ထိုသူများအနက် (၈၄၀၀၀)ခန့်သည် ဘ၀နေမှု ပုံစံသာ မှန်ကန်ပါက ဖြစ်လာစရာ မဖြစ်သော ကင်ဆာသမားများဟု World Cancer Research Fund က ထောက်ပြ ပြောကြားသည်။
“တစ်ရက်ကို (၁၀)မိနစ်၊(၁၅) မိနစ် လောက် ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်မယ်၊ အရက်သောက်တာ နည်းနည်းလျှော့မယ်၊ ကယ်လိုရီများ သကြားများတဲ့ အစားအစာတွေ နည်းနည်း လျှော့မယ်ဆိုရင်ပဲ ကင်ဆာ ဖြစ်နိုင်ခြေကို အများကြီး လျှော့ချလိုက်နိုင် မယ်”ဟု စစ်တမ်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရေချယ် သွမ်မဆင်က ပြောသည်။
ဥပမာအားဖြင့် အမျိုးသားများ အ၀မလွန်အောင်သာ ဂရုစိုက် ထိန်းသိမ်းမည် ဆိုပါက ဆီးကျိတ်ကင်ဆာ ဖြစ်ပွားသူ ကိုးရာခိုင်နှုန်း လျော့ကျသွားနိုင်သည်ဟု စစ်တမ်းက တွက်ပြသည်။ ဆေးလိပ် ဖြတ်လိုက်မည် ဆိုပါက အဆုတ် ကင်ဆာဖြစ်ပွားသူ (၃၃)ရာခိုင်နှုန်း လျော့ကျသွားနိုင်သည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန်လုပ်မည်၊ ခန္ဓာကိုယ်မှာ အဆီဓာတ် မများအောင် ထိန်းသိမ်းမည် ဆိုပါက သွေးဆုံးပြီး အမျိုးသမီး ရင်သားကင်ဆာ ဝေဒနာရှင် ပမာဏသည် ယခုထက်(၃၈) ရာခိုင်နှုန်း လျော့သွားမည်။
အလားတူပင် ကျန်းမာအောင်သာ နေကြ စားကြမည်ဆိုပါက ကျောက်ကပ်ကင်ဆာ ဖြစ်ပွားသူများထဲက(၂၂၀၀) လောက်၊ ပန်ကရိယာ ကင်ဆာ ဖြစ်ပွားသူများထဲက (၁၄၀၀) လောက်သည်လည်း ဖြစ်လာစရာ မရှိကြောင်း ဒေါက်တာ သွမ်မဆင်က ပြောသည်။
The Messenger
No comments