ဂျာမနီသို့ ခိုလှုံသူ တစ်သန်းခွဲနီးပါး ၀င်ရောက်နိုင်ခြေရှိ
ယခုနှစ်အတွင်း ဂျာမနီသို့ ခိုလှုံသူ တစ်သန်းခွဲနီးပါး ၀င်ရောက်နိုင်ကြောင်း ဂျာမနီ မီဒီယာများက ခန့်မှန်း ဖော်ပြထားသည်။ ဂျာမနီအစိုးရက တရားဝင် ထုတ်ပြန်ခြင်း မဟုတ်သော်လည်း အစိုးရရုံးတွင်း သတင်းများကို ကိုးကား၍ ဂျာမနီမှ သြဇာကြီး Bild သတင်းစာက ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ခိုလှုံသူဦးရေ များပြားလွန်းသောကြောင့် ခိုလှုံသူများဆိုင်ရာ ၀န်ဆောင်မှု ကဏ္ဍသည် ၀န်နှင့်အားမမျှဘဲ ဖြစ်နိုင်သည်ဟု သတင်းစာက သတိပေးသည်။
ယခုနှစ်အတွင်း ဂျာမနီသို့ ရောက်လာနိုင်သည့် ခိုလှုံသူ ပမာဏသည် ရှစ်သိန်းခန့် ရှိနိုင်သည်ဟု ဂျာမနီအစိုးရက အစောပိုင်းတွင် ခန့်မှန်း ပြောကြားခဲ့သည်။ ခိုလှုံသူ အများစုမှာ ဆီးရီးယား၊ အီရတ်နှင့် အာဖဂန် စစ်ဘေးရှောင်များ ဖြစ်သည်။ ဘော်လကန်၊ အာရှနှင့် အာဖရိကတို့မှ စီးပွားရေး ကျပ်တည်းမှုကြောင့် ထွက်ပြေးလာသူများလည်း အနည်းစု ပါဝင်သည်။
“ခိုလှုံသူ အလုံးအရင်းလိုက် လက်ခံနေရသော ဥရောပ၏ ယနေ့အခြေအနေသည် မေတ္တာနှင့် ကြောက်ရွံ့မှု၊ သည်းခံမှုနှင့် သူစိမ်းမုန်းတီးမှုတို့ အားပြိုင်နေသော ကာလဖြစ်သည်”ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရတ်စ်က ပြောသည်။
ယနေ့ကမ္ဘာကြီးသည် ပဋိပက္ခများကြောင့် လူအများအပြား နေရပ်စွန့်ခွာ ပြောင်းပြေးနေရသည့် ကာလဖြစ်သောကြောင့် ခိုလှုံသူ အကျပ်အတည်းသည် မလွဲမသွေ ရင်ဆိုင်ရမည့် စိန်ခေါ်မှု ဖြစ်ကြောင်းလည်း မစ္စတာ ဂူတာရတ်စ်က ပြောသည်။
ခိုလှုံသူများကို ဘာသာလူမျိုး မခွဲခြားဘဲ လက်ခံခြင်းဖြင့် ဥရောပသည် သည်းခံမှုနှင့် ပွင့်လင်းမှု တန်ဖိုးများကို ပြသရမည်ဟုလည်း မစ္စတာ ဂူတာရတ်စ်က တိုက်တွန်း ပြောကြားထားသည်။
Source: BBC
The Messenger
No comments