နေပြည်တော်၌ ခင်ပွန်းဖြစ်သူကို သတ်ပြီး မိန်းမကို အုပ်စုဖွဲ့ လူသတ်၊ မုဒိမ်းမှု ကျူးလွန်သူများ ဖမ်းမိပြီ
နေပြည်တော် Junction Center အနောက်ဘက်ရှိသံတမန်ဇုန်အနီးတွင် စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့သည့်လူသတ်မှုနှင့် မုဒိမ်းမှုတို့ ကျူးလွန်ခဲ့သူနှစ်ဦး ကို အောက်တိုဘာ ၆ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း ယနေ့ အစိုးရသတင်းတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီခန့်က ကိုချစ်နိုင်ဦးနှင့် မ——– တို့ဇနီးမောင်နှံ သည် ဆိုင်ကယ်စီး၍ လည်ပတ်ရာမှ အဆင့်မြင့်ဈေးမီးပွိုင့်အနီး လမ်းဘေး၌ ခေတ္တရပ် နားနေစဉ် အမည်မသိလူလေးဦးမှ ခြိမ်းခြောက်ပြော ဆိုပြီး၎င်းတို့၏ ဆိုင်ကယ်နှစ်စီးဖြင့် ညှပ်၍ Junction Center အနောက်ဘက် သို့ခေါ်ဆောင်မောင်းနှင်စေခဲ့ကြောင်း၊ သံတမန် ဇုန်(B)လမ်းသို့အရောက်တွင် ဆိုင်ကယ်အားရပ်တန့်စေပြီး ကိုချစ်နိုင်ဦးအား လူနှစ်ဦးက ဆွဲခေါ်သွားပြီး ဓားနှင့်ထိုးခဲ့ပြီး ကျန်လူနှစ်ဦးမှလည်း မ——– အား ဆွဲခေါ်ပြီး လူလေးဦးစလုံး မှ သားမယားပြုကျင့်ခဲ့ကြောင်း ဒက္ခိဏသီရိမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ် သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးက အမှုမှန်ပေါ်ပေါက်ရေး စီမံဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြသည့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်နေ အောင်တင်မျိုး(ခ)အောင်ပိုင် (၂၀)နှစ် (ဘ) ဦးသံချောင်း အား ပြစ်မှုကျူးလွန်ရာ တွင် အသုံးပြုခဲ့သည့် အရိုးအသွား (၁၀)လက်မရှိဓားတစ်ချောင်းနှင့်အတူ အောက်တိုဘာ ၆ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ ကျော်မောင် (ခ) ဇော်ဇော်အောင် (၁၉)နှစ် (ဘ) ဦးခင်ဦး အား အရိုးအသွား (၈)လက်မခွဲခန့်ရှိ သက်သေခံပစ္စည်း ဓားမြှောင် တစ်ချောင်းနှင့် အတူ အောက်တိုဘာ ၆ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦး သည် ဇော်လေး (၂၂)နှစ်ခန့် နှင့် မောင်မျိုး (ခ) မျိုးဇော်ဝင်း (၁၆)နှစ်ခန့် တို့နှင့်အတူ အရက်သေစာသောက် စားပြီး ဆိုင်ကယ်စီးနင်းထွက်လာစဉ် ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေးမီးပွိုင့်အနီး လမ်းဘေး၌ ရပ်နေသော ဆိုင်ကယ်တစ်စီးနှင့် စုံတွဲနှစ်ဦးကို တွေ့ရှိသဖြင့် ခြိမ်းခြောက်ပြောဆိုပြီး ၎င်းတို့၏ ဆိုင်ကယ်နှစ်စီးဖြင့် ညှပ်၍ Junction Center အနောက်ဘက် သို့ ခေါ်ဆောင်မောင်းနှင်စေခဲ့ပြီး သံတမန်ဇုန် (B)လမ်းသို့အရောက်တွင် ဆိုင်ကယ်အား ရပ်တန့်စေကာ ကိုချစ်နိုင်ဦးအား အသင့်ယူဆောင်လာသော ဓားနှင့်ထိုးခဲ့ပြီး မ——– အား သားမယားပြုကျင့်ခဲ့ကြောင်း၊ ပြစ်မှုကျူး လွန်ရာတွင် အသုံးပြုခဲ့ကြသည့် ဓားများအား Royal Golf Club အရှေ့မြောက်ဘက် ဆည်အနီးရှိ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း ဖော် ထုတ်သိရှိရသည်။
သို့ဖြစ်၍ ၎င်းတို့နှစ်ဦးအား ဥပဒေနှင့် အညီ အရေးယူရန် ဆက်လက်ဆောင် ရွက်လျက် ရှိကြောင်း၊ ၎င်းအမှုတွင် ပါဝင်ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ကျန်နှစ်ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေးစီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
No comments