တစ်ကိုယ်တော် အယ်လ်ဘမ်အသစ် ထုတ်ဦးမယ့် ဆူဇီ
အချစ်သီချင်း အေးအေးတွေနဲ့ ယနေ့ထိ ပရိသတ် လက်ခံအားပေးနေတဲ့ အဆိုတော် ဆူဇီက တစ်ကိုယ်တော် တေးစီးရီး အသစ်ကို ယခုနှစ်ကုန်ပိုင်းမှာ ထွက်နိုင်ရန် ကြိုးစားနေတယ်လို့ သိရပါတယ်။
“ညီမအခုတော့ သီချင်းအခွေ အသစ်လေးကို လုပ်နေတယ်။ သီချင်းတွေကတော့ အကုန်ပြီးနေပြီ။ ဒါပေမဲ့ အခုက ရေဘေးရန်ပုံငွေ ရှိတယ်။ ပြီးတော့ရှေ့မှာ ရွေးကောက်ပွဲလည်း ရှိတော့ ဒီနှစ်ကုန်ပြီးမှပဲ ထုတ်တော့မယ်။ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ လောက်တော့ ဖြစ်မယ်ထင်တယ်။ တေးရေးတွေကတော့ ကိုစိုးလင်း၊ ကိုယုန်လေး၊ G-Fatt တို့ပါတယ်။ ညီမကတော့ ထုံးစံအတိုင်း သီချင်းအေးအေးလေးတွေပဲ ဆိုတော့ အဲဒါတွေကတော့ အများဆုံးပါမယ်။ Pop ပေါ့နော်။ ညီမရဲ့ပရိသတ်က ဒီလို သီချင်းတွေနဲ့ပဲ လက်ခံလာတာဆိုတော့ ဒါတွေကို ပိုပြီး ဆိုဖြစ်တယ်။ ကိုယ်နဲ့လည်း လိုက်တယ်ပေါ့။ ဒါပေမဲ့လည်း သီချင်းအေးအေး အချစ်သီချင်းလေးတွေ အပြင် နည်းနည်းစုံအောင်တော့ သီချင်းအမြူးလေးတော့ ထည့်ထားတယ်။ ပရိသတ် ကြိုက်မလားတော့ မသိဘူး။ ဒါပေမဲ့လည်း ညီမကတော့ သီချင်းတွေကို အကောင်းဆုံး ဆိုတာပဲ လုပ်ထားပါတယ်။ သီချင်း ခေါင်းစဉ်ကိုတော့ သေချာတော့ မရွေးရသေးဘူး။ လောလောဆယ်မှာတော့ သီချင်းတွေကို တည်းဖြတ်နေတယ်။ ရှိုးပွဲတွေဆို ဖြစ်နေတယ်။ နယ်တွေမှာ သီချင်းဆိုဖြစ်တယ်။ နိုဝင်ဘာလ ပြီးရင်တော့ သီချင်းအခွေကို ပိုပြီးတော့ အားစိုက်လုပ်ဖြစ်မယ်။ လက်ရှိတော့ ရန်ပုံငွေပွဲတွေ ဆိုနေတယ်။ ညီမတို့ကတော့ ပွဲဆိုလိုက်၊ သီချင်းတွေ လုပ်လိုက် တေးစီးရီးလေးတွေ ထုတ်လိုက်ပါတယ်။ ဒီနှစ်ကုန်ရင်တော့ ညီမရဲ့ တစ်ကိုယ်တော် အခွေလေး ထုတ်ပါမယ်”လို့ ဆူဇီက ပြောပြခဲ့ပါတယ်။
ဆူဇီက “တတိယရင်ခုန်သံ” တစ်ကိုယ်တော် တေးစီးရီးကို ထွက်ရှိထားကာ ပရိသတ်ရဲ့ အသံတွေကိုလည်း နားထောင်နေဆဲ ဖြစ်ကြောင်း အသစ်ထပ်လုပ်မယ့် တေးစီးရီးကိုလည်း အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
No comments