အိုင်အက်စ်များကို အီရတ်မြေပေါ်မှ အလုံးစုံ ချေမှုန်း တိုက်ထုတ်သွားမည်ဟု ဝန်ကြီးချုပ် ကြွေးကြော်
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို နိုင်ငံအတွင်းမှ အလုံးစုံ ချေမှုန်း တိုက်ထုတ်သွားမည်ဟု အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အဘာဒီက ကြွေးကြော်လိုက်သည်။
ဘဂ္ဂဒက် မြို့တော်အနီးရှိ မဟာဗျူဟာအရ အချက်အခြာကျသည့် ရာမာဒီမြို့ကို အိုင်အက်စ်တို့လက်မှ ပြန်လည် သိမ်းယူနိုင်ရန် အလားအလာ ကောင်းလာသည့်နောက် အဘာဒီက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ အီရတ် စစ်တပ်သည် ရာမာဒီ၏ အရေးပါသော အစိတ်အပိုင်းများကို ထိန်းချုပ်ထားပြီး မြို့လယ်သို့ တရွေ့ရွေ့ ဆက်လက် ချီတက်လျက် ရှိသည်။
ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုတွင် အဘာဒီက ရာမာဒီ အပြီး၌ နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မိုဆူးလ်ကိုပါ ဆက်လက် သိမ်းယူမည်ဟု ပြောကြားခဲ့ပြီး ယင်းခြေလှမ်းသည် အိုင်အက်စ်တို့ကို အသေသတ်နိုင်မည့် အပြီးသတ် ထိုးနှက်ချက် ဖြစ်လာစေမည်ဟု ကြုံးဝါးခဲ့သည်။ အီရတ်မြောက်ပိုင်းရှိ မိုဆူးလ်သည် ယခုအခါ အိုင်အက်စ် တပ်ဖွဲ့၏ အခိုင်မာဆုံး ခြေကုပ်စခန်း နေရာတစ်ခုလည်း ဖြစ်နေသည်။
“၂၀၁၆ မှာ တကယ့် အပြီးသတ် အောင်ပွဲကြီးကို ရယူနိုင်လိမ့်မယ်။ ဒေ့ရှ် (အိုင်အက်စ်တို့ကို ဒေသတွင်း ခေါ်ဝေါ်သည့်အမည်)တွေကို အီရတ်မြေကနေ အပြီးတိုင် ဖယ်ရှား ရှင်းလင်းပစ်မယ်။ သူတို့ကို သုတ်သင်မယ်။ မိုဆူးလ် လွတ်မြောက်စေဖို့ ကျုပ်တို့ လာခဲ့မယ်။ ဒါဟာ ဒေ့ရှ်တွေအတွက် အပြီးသတ် ထိုးနှက်ချက် ဖြစ်လာစေရမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မေလကတည်းက အိုင်အက်စ်တို့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည့် ရာမာဒီမြို့ကို အီရတ်တပ်ဖွဲ့များ တစ်ကျော့ပြန် သိမ်းယူရန် အခြေအနေ ကောင်းလာခြင်းကို ချီးကျူးစကား ဆိုခဲ့သည်။ “အီရတ် တပ်ဖွဲ့တွေဟာ အံ့ဩချီးကျူးရလောက်တဲ့ ရဲစွမ်းသတ္တိနဲ့ အနာခံနိုင်စွမ်းတွေကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ ရာမာဒီ တစ်မြို့လုံးကိုတော့ အပြည့်အဝ ပြန်မသိမ်းနိုင်သေးဘူး။ အစိတ်အပိုင်းတချို့ ကျန်သေးတယ်။ မြို့ရဲ့ အစိုးရ အုပ်ချုပ်ရေးဌာန နေရာမှာ အီရတ်ရဲ့ အမျိုးသား အလံကိုတော့ လွှင့်ထူထားနိုင်ခဲ့ပါပြီ။ ရန်သူ တပ်ဖွဲ့တွေဟာ အကြီးအကျယ် အရေးနိမ့်မှုနဲ့ ကြုံနေရပြီ ဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
ရာမာဒီမြို့သိမ်း တိုက်ပွဲတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ် လေတပ်က အီရတ် ခြေလျင်တပ်ဖွဲ့များအတွက် လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့ကြောင်းလည်း သိရှိရသည်။
No comments