Breaking News

လိပ်ကျွန်း၊ ဖားကန့်၊ ကာလုံဥပဒေကြမ်းနှင့် ဘောက်ဆင်ဒေးရက်များ

ရိုးရာ အားကစားပွဲတစ်ခု အဖြစ် ဘောက်ဆင် ဒေး(Boxing Day) ဘောလုံးပြိုင်ပွဲများ စတင်ကစားခဲ့ ခြင်းရဲ့မူလအစကတော့ ၁၈၆၀ မှာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ စန်ဒီဂိတ်လမ်းမပေါ်မှာ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ကလပ်အ သင်းနှစ်သင်းဖြစ်တဲ့ ရှက်ဖီးအက်ဖ် စီအသင်းနဲ့ ဟေလန်အက်ဖ်စီ အသင်းတို့ကန်ကြရာမှာ ရှက်ဖီးက နှစ်ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တယ်လို့ ဂါးဒီးယန်းသတင်းစာရဲ့စာမျက်နှာမှာ ဖော်ပြထားပါတယ်။
၂၁ ရာစုအရောက်မှာတော့ ဘောက်ဆင်ဒေးကို ဒုတိယခရစ္စ မတ်ရက်ကာလများအဖြစ် သတ် မှတ်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်၊ ၂၇ ရက်နေ့တွေမှာ ကျင်းပလာခဲ့ကြပါ တယ်။ ဒါကြောင့် တချို့က ဘောက်ဆင်ဒေးကို Second Christmas Day လို့တောင် ခေါ် ကြပါသေးတယ်။ ဗြိတိသျှဓနသ ဟာယနိုင်ငံများမှာတော့ ဒီရက် တွေကို အများပြည်သူရုံးပိတ်ရက် များအဖြစ် သတ်မှတ်ပြီး ပျော်ပွဲ ရွှင်ပွဲများကျင်းပကြပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၁၅ ခရစ္စမတ်ရက်နဲ့ ဘောက်ဆင်ဒေး ရက်များဟာ တခြားနှစ်များထက် ထူးခြားစွာဖြင့် အင်္ဂလိပ် ဘာက လေပရီးမီးယားလိဂ်ပြိုင်ပွဲများ ထက်ပင် လူထုစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၄ ရက် နေ့မှာပဲ အိမ်နီးချင်းထိုင်းနိုင်ငံ ကော့စမွီတရားရုံးက မြန်မာပြည် သူများအတွက် ခရစ္စမတ်အကြို လက်ဆောင်တစ်ခု ပို့လိုက်ပါ တယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ က ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ် ကျွန်း)မှာ ဗြိတိသျှ စုံတွဲနှစ်ဦး မုဒိမ်းကျင့်အသတ်ခံရမှုနဲ့ ပတ် သက်ပြီး မြန်မာနိုင်ငံသားဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့ကို အပြစ်ရှိ ကြောင်း ဆုံးဖြတ်ကာ သေဒဏ်ပေးလိုက်တဲ့လက်ဆောင်ပါ။
အမျိုးထိရင် မချိအောင်နာ တတ်တဲ့ မြန်မာလူမျိုးတွေဟာ ချက်ချင်းဆိုသလို အွန်လိုင်းပေါ် မှာ ဒီအမိန့်ချမှတ်မှုနဲ့ပတ်သက်ပြီး မကျေနပ်ကြောင်း ရေးသားလာ ကာ နောက်တစ်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထိုင်းသံရုံးရှေ့မှာ ဆန္ဒ ပြကြဖို့ ဆော်သြလာကြပါတယ်။  ခရစ္စမတ်နေ့အရောက်မှာတော့ သံဃာတော်တချို့၊ အနုပညာရှင် တချို့နဲ့ ပြည်သူထောင်ဂဏန်း လောက်ဟာ ထိုင်းသံရုံးရှေ့မှာ မြန်မာနိုင်ငံသား နှစ်ဦးကို လွှတ် ပေးဖို့ ဆန္ဒပြကြပါတော့တယ်။
ဆန္ဒပြမှုတွေဟာ ပျံ့နှံ့လာပြီးမန္တလေး၊ ပြည်၊ တာချီလိတ်၊ မြဝ တီ၊ ကော့သောင်းအထိ ပါဝင်လာ ကြပါတယ်။ ဆန္ဒပြပြည်သူတွေ ဟာ ထိုင်းအစိုးရကိုသာမက မြန် မာအစိုးရက ပါဝင်ကူညီမှုအား နည်းကြောင်း ဝေဖန်ဖိအားပေး လာတဲ့အတွက် သမ္မတ၊ ကာချုပ်နဲ့လွှတ်တော်ဥက္ကဋ္ဌတို့ကပါ ဒီအမှု ကို အယူခံဝင်တဲ့အခါမှာ တရား မျှတစွာ ဆောင်ရွက်ပေးဖို့နဲ့ နှစ် နိုင်ငံချစ်ကြည်ရေးကို ရှေးရှုဖို့ တောင်းဆိုချက်တွေ ထုတ်ပြန်လာရပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက် ငြိမ်း/ပွင့်၊ မန္တလေးရွှေဝါရောင်သံ ဃာတော်များကွန်ရက် စတဲ့အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက လည်း ထိုင်းအစိုးရထံ ကန့်ကွက် စာများပို့ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ကိုယ်တိုင် ထိုင်းဝန်ကြီးချုပ်ထံ နှစ်နိုင်ငံချစ် ကြည်ရေးအတွက် သေဒဏ်ချ မှတ်ခြင်းအပေါ် ပြန်စဉ်းစားပေး ဖို့ သတင်းစကားပါးခဲ့သလို ထိုင်းသံရုံးတာဝန်ခံကလည်း ဆန္ဒပြသူ တချို့နဲ့ တွေ့ဆုံကာ ၎င်းတို့၏ ဆန္ဒကို ထိုင်းအစိုးရထံ အသိပေး ပါ့မယ်လို့ ဆိုခဲ့ပေမယ့် ဆန္ဒပြမှု တွေဟာ ရပ်မသွားဘဲ ဘောက်ဆင်ဒေးနေ့တွေမှာ အကြိတ်အနယ်ရှိလာပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစု ကြည်နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့အထိ ရောက်သွားပြီး မြန်မာနှစ်ဦး လွတ်မြောက်ရေးအတွက် ပါဝင်ကူညီဖို့တောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံးသတင်းအရတော့ ထိုင်းသံရုံး ကောင်စစ်ဝန်ဌာနကို ခေတ္တပိတ်လိုက်တဲ့အတွက် ခရီးသွားတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
 ဒီဇင်ဘာ ၂၅ ရက်နေ့က မြန်မာလူငယ် နှစ်ဦးလွတ်မြောက်ရေးအတွက် ဆန္ဒပြအပြီး အဲဒီည နေ ၆ နာရီမှာပဲ ဖားကန့်မှာ စွန့်ပစ်မြေစာပုံပြိုကြတဲ့အတွက် မြေပိပြီး လူ ၅၀ ဦး ပျောက်ဆုံးသွားရပါ တယ်။ ဖားကန့်မြေစာပုံပြိုကျမှု ဟာ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း လူ ၁၁၄ ဦးရဲ့အသက်ကို နင်းချေသွားသလို ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း လူ ၁၀ ဦးမှ ၂၀ ဦးကြား ပျောက်ဆုံးစေခဲ့တဲ့အ တွက် ဒီဖြစ်ရပ်ဆိုးတွေဟာ ပါရီအကြမ်းဖက်မှုမှာ လူသေဆုံးမှု ထက် ပိုမိုမြင့်တက်လာပြီဖြစ်ပါ တယ်။ ဖားကန့်က လူသားစား မြေစာပုံကြီးတွေရဲ့တရားခံဟာ ဘယ်သူလဲလို့ အခုအချိန်မှာ မေးခွန်းထုတ်ဖို့ လိုနေပြီဖြစ်ပါတယ်။ ပါရီအကြမ်းဖက်မှုကြောင့် လူရာကျော်သေဆုံးမှုဟာ ကမ္ဘာကျော်ခဲ့
ပေမယ့် ဖားကန့်စွန့်ပစ်မြေစာပုံ ကြောင့် လူ ၂၀၀ နီးပါး ဆက်တိုက် သေဆုံးနေမှုမှာတော့ ဘယ်သူ မှ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ ခဲ့တာ မတွေ့ရသေးပါဘူး။
ဖားကန့်မှာ ကျောက်စိမ်း ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ် ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံတွေအပါအဝင် ပြည်သူတချို့က ကန့်ကွက်နေသော်လည်း ရပ်တန့် မှု မရှိသေးတာ တွေ့ရပါတယ်။ ကုမ္ပဏီတွေက စည်ကမ်းမဲ့စွန့်ပစ် ထားတဲ့ မြေစာပုံတွေကြောင့် ဆင်းရဲသားရေမဆေးကျောက်ရှာ သူပြည်သူတွေရဲ့အသက်ပေါင်း များစွာကို ပေးဆပ်ခဲ့ရပါတယ်။ ဒီ မြေစာပုံပြိုကျမှုဟာ ဆက်လက် ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြည်ပ မှာ ရှိတဲ့ မြန်မာနှစ်ဦးရဲ့
အသက်ကို မြတ်နိုးတန်ဖိုးထားသလို မြန်မာ ပြည်တွင်းက ပြည်သူတွေရဲ့အ သက်ပေါင်းများစွာကိုလည်း တန် ဖိုးထားဖို့ လိုအပ်လာပြီ ဖြစ်ပါ တယ်။  ဘောက်ဆင်ဒေးရက်များ မှာပဲ အွန်လိုင်းစာမျက်နှာတွေမှာ လှုပ်လှုပ်ရွရွ
ဖြစ်လာတဲ့ နောက်သတင်းတစ်ပုဒ်ကတော့ မကြာခင် လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် တော့မယ့် ကာကွယ်ရေးနဲ့လုံခြုံ ရေးကောင်စီဥပဒေကြမ်းကိစ္စပါ။
လာမယ့် ၂၀၁၆ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ရပ်နားတော့မယ့် ပထမအကြိမ် ပြည်ထောင်စုလွှတ် တော်ဟာ ဥပဒေကြမ်းအသစ် တွေကို အမြန်ဆုံးအတည်ပြုဖို့ ခြေပုန်းခုတ်လှုပ်ရှားလာတာတွေ့ ရပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေကို တစ်လုံးတစ်ခဲတည်း နိုင်ငံရေးပင်စင်ပေးဖို့ ဥပဒေ၊ သမ္မတများကို နောက်ကြောင်းပြန်ဥပ ဒေနဲ့ အရေးယူခြင်းမှ ကာကွယ်တဲ့ ဥပဒေနဲ့ ယခုကာလုံဥပဒေတို့ဟာ ပြည်သူများဝေဖန်ရှုတ်ချနေသော်လည်း အတည်
ဖြစ်လာဖို့ အခြေအနေတွေ ရှိနေပါတယ်။
အဲဒီအထဲကမှ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင် စီဥပဒေဟာ သတိထားစရာ ကောင်းလှပါတယ်။ အားလုံးသိ တဲ့အတိုင်း ကာလုံဆိုတဲ့အဖွဲ့ဟာ တိုင်းပြည် ဘေးအန္တရာယ် ကျ ရောက်လာရင် တာဝန်ရှိတဲ့အဖွဲ့ ဖြစ်သလို တစ်ဖက်မှာလည်း အ ရေးပေါ်အခြေအနေကြုံလာရင် တိုင်းပြည်ကို အာဏာသိမ်းနိုင်တဲ့ အဖွဲ့ပါ။ အဲဒီအဖွဲ့မှာ သမ္မတ ဘက်က အဖွဲ့ဝင် ငါးဦးပါဝင်ပြီး ကာကွယ်ရေးဦးစီးချုပ်ဘက်က အဖွဲ့ဝင် ခြောက်ဦးအထိ ပါဝင်ပါတယ်။ အဲဒီမှာကတည်းက ကာချုပ်ဘက်က တစ်မဲသာနေပြီးသားပါ။
အခုအသစ်ထုတ်မယ့် ကာ လုံ ဥပဒေကြမ်းမှာ သမ္မတဟာ သဘာပတိနေရာမှာပဲ နေပြီး မဲမ ပေးရဘူး။ မဲချင်းညီနေမှ သမ္မတ က မဲပေးရမယ်ဆိုတဲ့အခါ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော်သမ္မတ သည် နိုင်ငံတော်၏အကြီးအကဲ
ဖြစ်သည်ဆိုတဲ့စကားရပ်ကို ဆန့် ကျင်ရာရောက်သလို သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ် ရာ ရောက်နေပါတယ်။ ကာလုံအ စည်းအဝေးမှာ သမ္မတဟာ သဘာပတိအဖြစ် ငုတ်တုတ်ကြီး ထိုင်နေ ရမယ့် သဘော
ဖြစ်နေပါတယ်။
စာဖတ်သူမိတ်ဆွေများခင် ဗျာ...ဆောင်းပါး ခေါင်းစဉ်အ တိုင်း နိဂုံးချုပ်ချင်ပါတယ်။ လိပ် ကျွန်းအမှု တရားမျှတဖို့ရာဟာ ထိုင်းအစိုးရမှာ တိုက်ရိုက်တာဝန် ရှိသလို မြန်မာအစိုးရမှာလည်း တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခြေခံဥပဒေပုဒ်မ ၃၈၁ မှာ နိုင်ငံခြားတိုင်းတစ်ပါးနှင့်ဆက် ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ကာကွယ်စောင့်ရှောက် မှုကို တောင်းခံခွင့်ရှိသည် လို့ ပြ ဋ္ဌာန်းထားလို့ပါ။ ယခုလည်း နိုင်ငံတော်သမ္မတ အပါအဝင် မြန်မာ သံရုံးတာဝန်ရှိသူများက ဆက် လက် ကြိုးပမ်းကြမှာဖြစ်တဲ့အ တွက် အသွင်ကူးပြောင်းရေးကာ လမှာ တိုင်းပြည်တည်ငြိမ်ရေးအ တွက် မျက်ခြည်မပြတ်သင့်ဘူး ထင်ပါတယ်။
ဘောက်ဆင်ဒေးကာလမှာ အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့နာ မည်ကြီးအဆင့် (၂ )မှာရှိတဲ့ အာဆင်နယ်အသင်းက အဆင့်(၁၂)မှာရှိတဲ့ ဆောက်သမ်တန်အသင်း ကို မထင်မှတ်ဘဲ လေးဂိုးဂိုးမရှိ နဲ့ ရှုံးခဲ့ပါတယ်။ အာဆင်နယ်ဟာ မကြာခင်ကမှ နာမည်ကြီး မန်စီးတီးအသင်းကို အနိုင်ရထားသူပါ။ ဘောက်ဆင်ဒေးဟာ ပွဲကျပ်ကာလဖြစ်တဲ့အတွက် အသင်းကြီးတွေ မထင်မှတ်ဘဲ ရှုံးတတ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာလည်း အသွင်ကူးပြောင်းရေး ကာလမှာ ပွဲကျပ်ကာလရောက် နေတဲ့အတွက် မိမိတို့ရဲ့ခြေရည် ခြေသွေးကို ထိန်းသိမ်းထားဖို့ လို နေပြီဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့က ဘန်ကောက်မှာ ကျင်း ပတဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့သတင်းစာ ရှင်းလင်းပွဲမှာလည်း လိပ်ကျွန်း လူသတ်မှု သေဒဏ်ချမှတ်မှုအ ပေါ် ဆန့်ကျင်တဲ့ဆန္ဒပြပွဲများဟာ မကောင်းသောရည်ရွယ်ချက်များ ဖြင့် နိုင်ငံရေးအတွက် လှုံ့ဆော်နေ သောကြောင့် ဖြစ်ပွားရခြင်း ဖြစ် နိုင်တယ်လို့ စွပ်စွဲချက်ထုတ်လာပါ တယ်။
ရှေးလူကြီးတွေက နိုင်ငံရေးကို ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ်တယ်လို့ ဆိုခဲ့သလို လိပ်ကျွန်း၊ ဖားကန့်နဲ့ ကာလုံဥပဒေကြမ်းတွေဟာ ဆက်စပ်မှုမရှိဘူးလို့ တစ်ဖက်သတ်ကောက်ချက်ချဖို့မလွယ်ပါဘူး။ ကျွန်တော်တို့ ပန်းတိုင်ကို မျက်ခြည်မပြတ် ရအောင်လားဗျာ...။

No comments