Breaking News

ပါကစ္စတန်တက္ကသိုလ် အကြမ်းဖက်တိုက်ခိုက်မှု သေဆုံးသူ ၂၁ ဦးထိ ရှိလာ


ဒဏ်ရာရထားသူ တစ်ဦးကို သယ်ဆောင်လာစဉ်
ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ တက္ကသိုလ်တစ်ခုကို သေနတ်သမားများ စီးနင်းတိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်အတွင်း သေဆုံးသူအရေအတွက်သည် ၂၁ ဦးထိ မြင့်တက်လာပြီဟု သိရှိရသည်။
ဇန်နဝါရီ ၂၀ နံနက်ပိုင်းက ချာဆက်ဒါရှိ ဘာချာခန်တက္ကသိုလ်ကို အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့က ကျောင်းပရဝုဏ်ကို ပြန်လည်စီးနင်း သိမ်းယူခဲ့ရသည်။ ယခုအခါ ကျောင်းသူကျောင်းသား ၂၀ နှင့် ဆရာတစ်ဦးသေဆုံးကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပြီး နောက်ထပ်အသေအပျောက် ပမာဏမြင့်တက်လာမည်ကိုလည်း စိုးရိမ်နေသည်။ ဒဏ်ရာရသူအရေအတွက်မှာ ၅၀ ကျော်မျှ ရှိခဲ့သည်။ ထို့အပြင် အကြမ်းဖက်သမား ၄ ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့က သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
ပါကစ္စတန် တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အူမာမန်ဆာက အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့ကျူးလွန်ခြင်းဟု ကြေညာခဲ့သည်။ မကြာသေးမီက ပါကစ္စတန်စစ်တပ်က တာလီဘန်တို့ကို ထိုးစစ်ဆင်ခဲ့သည့်အတွက် ယခုလိုလက်တုံ့ပြန်ခြင်းဖြစ်ပြီး နောက်ထပ် အလားတူတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ခြိမ်းခြောက်ခဲ့သည်။
ဘာချာခန်တက္ကသိုလ်ဝင်းထဲတွင် ပေါက်ကွဲသံများနှင့် သေနတ်သံများ ရပ်ဆိုင်းသွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များက သတိကြီးစွာ ချဉ်းကပ်ဝင်ရောက်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့က တက္ကသိုလ်အဆောက်အအုံများထဲတွင် အကြမ်းဖက်သမားများ ပုန်းအောင်းနေဆဲဟုယူဆပြီး စစ်ဆင်ရေးကို သတိကြီးကြီး ဆက်လက်လုပ်ဆောင်နေသည်။ အစောပိုင်းက အကြမ်းဖက်သမားအရေအတွက်ကို ၃ ဦးဟု ကြေညာခဲ့သော်လည်း နောက်ထပ် ၁ ဦးကို တက္ကသိုလ်ခေါင်မိုးပေါ်တွင် နေရာယူထားသည့် လက်ဖြောင့် စနိုက်ပါသမားတစ်ဦးက ထပ်မံသုတ်သင်နိုင်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်အပြီးတွင် ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ပါကစ္စတန်မြေပေါ်မှ အပြီးတိုင်ဖယ်ရှားသွားရန် သံန္နိဋ္ဌာန်ချမှတ်ထားကြောင်း ပြောကြားထားသည်။
ပါကစ္စတန်စစ်တပ်က တာလီဘန် တိုက်ခိုက်ရေးသမားများသည် ဒေသစံတော်ချိန် နံနက် (၉း၃၀) နာရီခန့်တွင် မြူနှင်းများ ထူထပ်နေသည်ကို အခွင့်ကောင်းယူကာ တက္ကသိုလ်နောက်ဖက် အုတ်နံရံကိုကျော်တက်ပြီး အတွင်းသို့ဝင်ရောက်ခဲ့ကြောင်း ဆိုသည်။ ထို့နောက်ပိုင်းတွင် တက္ကသိုလ်ထဲ တွေ့မြင်သမျှကို ရမ်းကားပစ်ခတ်ခဲ့ရာ ကျောင်းသူကျောင်းသားများ၊ သင်ကြားရေးဝန်ထမ်းများက ဘေးလွတ်ရာနေရာများကို ရှာဖွေပုန်းခိုနေခဲ့ရသည်။
ဘူမိဗေဒ ကျောင်းသားတစ်ဦးဖြစ်သည့် ဇာဟာအာမက်က ပထမဆုံး သေနတ်သံကြားလိုက်ရချိန်တွင် ဆရာဖြစ်သူက ၎င်းတို့ကိုအခန်းထဲမှ မထွက်ရန် သတိပေးခဲ့ကြောင်း ဆိုသည်။ “သူ့လက်ထဲမှာ ပစ္စတိုတစ်လက် ကိုင်ထားတာ တွေ့တယ်။ နောက်တော့ ဆရာ့ကို ကျည်ဆန်မှန်သွားတာပဲ။ စစ်သွေးကြွနှစ်ယောက်က မြင်မြင်သမျှ ရမ်းပြီးပစ်နေတာ။ နောက်တော့ ကျွန်တော်လည်း ခြေဦးတည့်ရာ စွတ်ပြီး ထွက်ပြေးခဲ့တယ်။ တက္ကသိုလ်နောက်ဖက်နံရံကို ကျော်တက်ပြီးတဲ့နောက် သေဘေးက လွတ်လာတာပါပဲ” ဟု ၎င်းက ဖွင့်ဟခဲ့သည်။
ဒေသခံ ဆေးရုံ၏ ရေခဲတိုက်ကမူ ရုပ်အလောင်း ၁၉ လောင်းကို လက်ခံရရှိထားပြီးဖြစ်ကြောင်း ကြေညာသည်။ ဘာချာခန်တက္ကသိုလ်ကို  ၂၀၁၂ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။ တာလီဘန်တို့သည် ၂၀၁၄ ခုနှစ်ကလည်း ချာဆက်ဒါအနီးရှိ ပီရှာဝါမြို့မှ အထက်တန်းကျောင်းတစ်ခုကို ပစ်မှတ်ထား စီးနင်းတိုက်ခိုက်ခဲ့ရာ ထိုစဉ်က ကျောင်းသူကျောင်းသားလူငယ် ၁၃၀ ကျော် သေဆုံးခဲ့သည်။

No comments