Breaking News

အာကာသထဲတွင် ပထမဆုံးအကြိမ် ပွင့်လာသည့်ပန်း

အာကာသအတွင်း ပို့ဆောင် စိုက်ပျိုးထားသည့် ပန်းပင်မှ ပထမဆုံးအကြိမ် ပန်းပွင့်လာခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာ အာကာသစခန်း (ISS)တွင် စိုက်ပျိုးထားသည့် Edible Zinina ပန်းများ ပွင့်နေပြီဖြစ်ကြောင်း အမေရိကန် အာကာသယာဉ်မှူး စကော့တ်ကယ်လီက ပြောကြားခဲ့သည်။ အဆိုပါ ပန်းပွင့်များကို အသုပ်ပြုလုပ်သည့် အခါတွင် ထည့်သွင်း အသုံးပြုလေ့ ရှိသည်။
ကယ်လီက ယင်းပန်းများသည် ကမ္ဘာမြေ အပြင်ဘက်တွင် ပထမဆုံး ပွင့်လန်းသည့် ပန်းပွင့်များ ဖြစ်လာကြောင်း ညွှန်းဆိုခဲ့သည်။ ကယ်လီသည် ISSတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည်မှာ တစ်နှစ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိုပန်းပွင့်များကို ISSပေါ်တွင် ၂၀၁၄ ခုနှစ်၊ မေလအတွင်းက တပ်ဆင်ခဲ့သည့် စိုက်ခင်း ဓာတ်ခွဲခန်းတွင် ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ISS အဖွဲ့သားများသည် ဆလတ်ပင်နှင့် အာရူဂူလာ အပင်များကို စမ်းသပ် စိုက်ပျိုးဖူးသော်လည်း Edible Zinniaသည် ISSတွင် အောင်မြင်စွာ ပန်းပွင့်သည့် ပထမဆုံး အပင်မျိုးစိတ် ဖြစ်လာသည်။
ISS၏ Veggie Projectအရ အာကာသထဲတွင် ပထမဆုံးအကြိမ် အပင်တစ်ပင် အောင်မြင်စွာ ပျိုးထောင် စိုက်ပျိုးမှုကို အကောင်အထည် ဖော်ခဲ့ဖူးသည့် ထရန့်စမစ်သ်က “ကျွန်တော်တို့ ပထမဆုံး စမ်းစိုက်တဲ့ ဆလတ်ပင်တွေနဲ့ ယှဉ်ကြည့်ရင် Edible Zinnia ပန်းတွေက အရမ်းကွဲပြားသွားပါတယ်။ ပတ်ဝန်းကျင် အနေအထားရယ်၊ အလင်းရရှိမှုတွေရယ် အပိုင်းမှာ ပိုပြီး အာရုံခံစားမှု အနုစိတ်လာတယ်။ ပြီးတော့ ကြီးထွားတဲ့ ကာလကလည်း ရက်ပေါင်း ၆၀ ကနေ ၈၀ လောက်ထိကို ရှည်ကြာလာတယ်။ ဒီတော့ ဒီအပင်က စိုက်ရတာ ပိုခက်တယ်။ ပန်းပွင့်လာဖို့ဆိုရင် ကြီးထွားတဲ့ကာလ ပိုယူရတယ်လေ”ဟု ရှင်းပြခဲ့သည်။
ယခုကိစ္စသည် အောင်မြင်မှု တစ်ရပ်အဖြစ် စမသ်စ်က ယူဆခဲ့သော်လည်း ပန်းပင်၏ အရွက်များမှ ရေစိမ့်ထွက်နေခြင်းမှာ အားနည်းချက် တစ်ရပ်အဖြစ် သတ်မှတ်ရမည်ဟု ဝန်ခံခဲ့သည်။
မြေဆွဲအား ကင်းမဲ့သည့် အာကာသထဲတွင် အပင်များ စိုက်ပျိုးနိုင်ခြင်း ရှိမရှိကို ISSတွင် လက်တွေ့ စမ်းသပ်နေပြီး သဘာဝနှင့် အလွန်ခြားနားသည့် ပတ်ဝန်းကျင် အနေအထားကြောင့် အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရတတ်ကြောင်းလည်း စမစ်သ်က ရှင်းပြသွားသည်။

No comments