အလွန်ကြီးမားသည့် ငါးမန်းဖြူကြီး တွေ့ရှိသဖြင့် ဩစတြေးလျ တောင်ပိုင်းကမ်းခြေတစ်ခု အရေးပေါ် ပိတ်ခဲ့ရ
အလွန်ကြီးမားသည့် ငါးမန်းဖြူကြီးတစ်ကောင် ကူးခတ် သွားလာနေသည်ကို တွေ့ရှိရသည့်နောက် ဩစတြေးလျ နိုင်ငံရှိ အပန်းဖြေ ကမ်းခြေတစ်ခုကို အရေးပေါ် ပိတ်ထားလိုက်ရကြောင်း သိရှိရသည်။
၇ မီတာ (၂၃ ပေ)မျှ ရှည်လျားသည့် ဧရာမ ငါးမန်းကြီးကို အပျော်တမ်း ရေငုပ်သူများ သွားရောက်လေ့ရှိသည့် မာရီနို ကမ်းခြေမှ မီတာ ၁၀၀ မျှအကွာ ပင်လယ်ပြင်တွင် ဇန်နဝါရီ ၁၇ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ငါးမန်းကြီးကို ဝေဟင်မှတစ်ဆင့် တွေ့မြင်လိုက်ရသည့်နောက် ကမ်းခြေလုံခြုံရေး အဖွဲ့များက ရေကူးနေသူများကို ချက်ချင်း ကမ်းပေါ် ပြန်တက်စေခဲ့ပြီး အနီးတွင် ကျင်းပနေသည့် ပါတီပွဲ တစ်ခုကိုလည်း ဖျက်သိမ်းစေခဲ့သည်။
“Westpac ရဟတ်ယာဉ် အဖွဲ့သားအဖြစ် ငါးမန်းတွေကို စောင့်ကြည့်ခဲ့တဲ့ ကျွန်တော့် သက်တမ်းတလျှောက် မြင်ဖူးသမျှ အကြီးဆုံးကောင်ကြီးပဲ။ ဓာတ်ပုံမှတ်တမ်းတွေကို ပြန်ကြည့်ရင် ဒီကောင်ကြီး အနည်းဆုံး ၇ မီတာလောက် ရှိတာ သိသာတယ်”ဟု အမည်မဖော်ပြသည့် ကမ်းခြေလုံခြုံရေး စောင့်ကြည့်အဖွဲ့သား တစ်ဦးက ဆိုသည်။
ငါးမန်းဖြူများသည် အများဆုံး ၆ မီတာ အရွယ်အစားထိသာ ကြီးထွားနိုင်သည်ဟု ယူဆထားရာ အကယ်၍ ယခုငါးမန်းကြီး၏ ကိုယ်ထည် အရှည်ကို အတိအကျ တိုင်းတာ အတည်ပြုနိုင်ခဲ့ပါက ကမ္ဘာ့အကြီးဆုံး ငါးမန်းဖြူကြီး အဖြစ် မှတ်တမ်းဝင်လာဖွယ် ရှိနေသည်။
ငါးမန်းသုတေသီ တစ်ဦးဖြစ်သည့် အန်ဒရူးဖောက်စ်က “၅ မီတာလောက် အရှည်ရှိရင်တောင် တော်တော်ကြီး အကောင်ကြီးနေပြီ။ လူ့အရပ် နှစ်ဆလောက် ဖြစ်နေပြီ။ ၆ မီတာလောက် ဆိုရင်တော့ ခင်ဗျားတို့ စိတ်တောင် ကူးကြည့်ချင်မှာ မဟုတ်ဘူး”ဟု Daily Mailသို့ ပြောကြားခဲ့သည်။
အေဒီလိုင်ဒေ အနီးတွင် ကူးခတ်နေသည့် ယခုငါးမန်းကြီး၏ ဓာတ်ပုံကို Shark Alerts South Australia၏ Facebook စာမျက်နှာတွင် တင်ထားခဲ့ရာ အချို့က တစ်သက်လုံး ပင်လယ်နား မသွားတော့ဟု မှတ်ချက်ရေးသား တုံ့ပြန်ခဲ့ကြသည်။ အချို့ကလည်း အဆိုပါ ငါးမန်းကြီးသည် ယခုညွှန်းဆိုသလောက် အရွယ်အစား မကြီးနိုင်ဟု အငြင်းပွားကြသည်။
Shark Alerts South Australiaက ၆ မီတာရှည်သည့် ၎င်းတို့၏ Jet Boatကို အသုံးပြုကာ ငါးမန်းကြီး၏ အရွယ်အစားကို ခန့်မှန်းတိုင်းတာခဲ့ခြင်းဟု ရေးသားထားသည်။
No comments