Breaking News

ဟေတီတွင် သမ္မတ နုတ်ထွက်သွားပြီးနောက် ဆက်ခံသူ မရှိသေးဘဲ ခေါင်းဆောင်ကင်းမဲ့နေ


ဟေတီတွင် သမ္မတ မိုက်ကယ် မာတယ်လီ နုတ်ထွက်သွားသော်လည်း ၎င်း၏နေရာ ဆက်ခံမည့်သူ မရှိသေးဘဲ နိုင်ငံတွင် ခေါင်းဆောင်မဲ့နေကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် အစီအစဉ်သည် မရိုးဖြောင့်မှုများ ရှိနေကြောင်း စွပ်စွဲချက်များကြောင့် နှစ်ကြိမ်တိုင် ရွှေ့ပြောင်းခဲ့ရပြီးနောက် ဟေတီတွင် မာတယ်လီ၏ နေရာကို ဆက်ခံမည့် သမ္မတ မရှိသေးဘဲ ဖြစ်နေသည်။ မာတယ်လီသည် သမ္မတအဖြစ် ၅ နှစ်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် အမျိုးသား ညီလာခံတွင် ဖေဖော်ဝါရီ ၇ ရက်၌ နှုတ်ဆက်မိန့်ခွန်း ပြောကြားသွားခဲ့သည်။
အောက်တိုဘာနှင့် ဒီဇင်ဘာ လများအတွင်းက ဟေတီတွင် သမ္မတ ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေး အကြောင်းပြချက်များဖြင့် ဖျက်သိမ်းခဲ့သည်။ ပို့တ်အူပရင့်စ် မြို့တော်တွင်မူ ပြီးခဲ့သည့် သီတင်းပတ်က ပြည်သူများက အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်မှုများဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။
လတ်တလောတွင် ဟေတီ နိုင်ငံရေး၌ ဆန္ဒပြမှုများ၊ အကြမ်းဖက် ရန်လိုမှုများကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေများ ဖြစ်ပေါ်နေသည်။ မာတယ်လီ နုတ်မထွက်မီ ၂၂ နာရီ အလိုတွင်မူ ကြားဖြတ် အစိုးရတစ်ရပ် ဖွဲ့စည်းရန် နိုင်ငံရေး အင်အားစုများ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောတူညီမှုအရ ဟေတီလွှတ်တော်သည် ရက်ပေါင်း ၁၂၀ စာ သက်တမ်းရှိမည့် ယာယီ သမ္မတ တစ်ဦးကို တင်မြှောက်ပြီး အများသဘောဖြင့် ဝန်ကြီးချုပ် တစ်ဦးကိုလည်း ရွေးချယ်မည် ဖြစ်သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ခက်ခဲသည့် အခြေအနေများတွင် ဟေတီနိုင်ငံရေး နယ်ပယ်၌ ပါဝင်သူအားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိနေသင့်ကြောင်း တိုက်တွန်းခဲ့သည်။ လတ်တလောတွင် ဟေတီသမ္မတသစ် နေရာ၌ မည်သူ့ကို ရွေးချယ်ထိုက်ကြောင်း သဘောထား ကွဲလွဲမှုများနှင့်အတူ တင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။
မာတယ်လီက ၎င်း၏ နှုတ်ဆက် မိန့်ခွန်းတွင် ဒီဇင်ဘာလ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဖြစ်ရပ်ကို နောင်တ အရဆုံးဟု ထည့်သွင်း ပြောကြားသွားသည်။ ဟေတီ၏ ဖွဲ့စည်းပုံအရ မာတယ်လီသည် ဒုတိယသက်တမ်း ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဘဲ သမ္မတသစ် တစ်ဦးကို ရွေးကောက်ပွဲ ကျင်းပပြီး ရွေးချယ်တင်မြှောက်ရမယ် ဖြစ်သည်။

No comments