ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ၈ ရာခိုင်နှုန်း မြှင့်တင်သွားရန် တရုတ်ရည်ရွယ်
ရေပိုင်နက် အငြင်းပွားမှုပြဿနာများ ကြီးထွားလာသည့်နောက် ယခုနှစ်၏ ကာကွယ်ရေးအသုံးစရိတ်ကို ၈ ရာခိုင်နှုန်း မြှင့်တင်သွားမည်ဟု တရုတ်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်သည် တောင်တရုတ်ပင်လယ်ကို စိုးမိုးချုပ်ကိုင်ထားရေး အားထုတ်ကြိုးပမ်းမှုများကြောင့် ဒေသတွင်းနိုင်ငံများနှင့် ပဋိပက္ခအခြေအနေများ ကြီးထွားလာနေသည်။ ထို့ကြောင့် ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ရန် ရည်မှန်းချက်သည် အရေးပါသော ခြေလှမ်းတစ်ရပ်ဟု အာဏာရကွန်မြူနစ်ပါတီက ကြီးစိုးထားသည့် တရုတ်ပြည်သူ့လွှတ်တော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဖူယင်းက မှတ်ချက်ပြုခဲ့သည်။
“တရုတ်ရဲ့ စစ်ရေးအသုံးစရိတ်ကို ဒီနှစ်လည်း ဆက်ပြီးမြှင့်တင်ပါမယ်။ ဒါပေမဲ့ အရင်နှစ်တွေက မြှင့်တင်တဲ့ ရာခိုင်နှုန်းပမာဏထက်တော့ လျော့မယ်။ ၇ နဲ့ ၈ ရာခိုင်နှုန်းကြားလောက် ဖြစ်ပါမယ်” ဟု ဖူက ဆိုသည်။
ယခုနှစ်အတွက် တရုတ်၏ ကာကွယ်ရေးစရိတ်စုစုပေါင်း ပမာဏကို မတ် ၅ ရက်တွင် လွှတ်တော်အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဖူက ပြောကြားခဲ့သည်။ တရုတ်သည် ၂၀၁၅ ခုနှစ်က ကာကွယ်ရေးအသုံးစရိတ်ကို ၁၀.၁ ရာခိုင်နှုန်း တိုးမြှင့်ကာ ယွမ် ၈၈၆.၉ ဘီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၄၁.၄ ဘီလီယံ သတ်မှတ်ခဲ့သည်။
တရုတ်သည် ပြီးခဲ့သည့်နှစ်အတွင်း စီးပွားရေး တိုးတက်မှုနှေးကွေးလာသည့် အခြေအနေကြောင့် စစ်ရေးအသုံးစရိတ်ကို ယခင်နှစ်များလောက် မြှင့်တင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ သို့သော်လည်း စစ်ရေးလေ့လာသူများက တရားဝင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများထက် တရုတ်၏ကာကွယ်ရေး အသုံးစရိတ်က ပိုမိုများပြားနေမည်ဟုလည်း ခန့်မှန်းလျက်ရှိသည်။
credit 7 day daily
No comments