Breaking News

စင်ကာပူတွင် ဆီလှောင်ကန်တစ်ခု မီးလောင်မှုဖြစ်ပွား


စင်ကာပူနိုင်ငံတွင် ဆီလှောင်ကန်တစ်ခု မီးလောင်မှု ဖြစ်ပွားပြီး ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေရဆဲဟု သတင်းရရှိသည်။
ဂျူရွန်ကျွန်းရှိ ဆီလှောင်ကန်တစ်ခုတွင် ဧပြီ ၂၀ နေ့လယ်ပိုင်းက စတင်၍ မီးလောင်ကျွမ်းခဲ့ခြင်းဟု သိရသည်။ စင်ကာပူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒေသစံတော်ချိန် နေ့လယ် သုံးနာရီဝန်းကျင်တွင် စတင်မီးလောင်ကျွမ်းကြောင်း ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
မီးလောင်မှု ဖြစ်ပွားသည့် ဆီလှောင်ကန်သည် အချင်းမီတာ ၄၀ မျှ ကျယ်ဝန်းကြောင်း Channle News Asia သတင်းဌာနက ဖော်ပြခဲ့သည်။ မီးလောင်မှုအကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း မိုးကြိုးပစ်ချရာမှ အစပြုသည်ဟု ယူဆရသည်။
စင်ကာပူရှိ လူမှုကွန်ရက် ဝက်ဘ်ဆိုက် သုံးစွဲသူ အများအပြားက မီးလောင်မှု ဓာတ်ပုံများကို အင်တာနက်ပေါ် တင်ခဲ့ကြရာ မီးအားကောင်းကောင်း တောက်လောင်နေပြီး မည်းနက်နေသည့် မီးခိုးလုံးကြီးများကိုပါ တွေ့မြင်နေရသည်။ ထို့အပြင် မီးလောင်မှုကို ပင်လယ်ဘက်မှပါ ထင်ရှားစွာ တွေ့မြင်နေရကြောင်းလည်း သိရှိရသည်။

No comments