၂၁ ရာစု ပင်လုံညီလာခံတွင် အားလုံးပါဝင်ရေးမူအပေါ် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သဘောတူ
၂၁ ရာစုပင်လုံညီလာခံ တွင် အားလုံးတက်ရောက်ပါဝင် ရေးဆိုသည့် မူအပေါ် အပစ်ရပ် စာချုပ် လက်မှတ်မရေးထိုးသေး သော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် အစိုးရကြား ဘုံရည်မှန်းချက်တူညီပြီဖြစ်ကြောင်း အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးတာ ၀န်ခံ ဒေါက်တာတင်မျိုးဝင်းက ဇွန်လ ၃ ရက်တွင် ချင်းမိုင်မြို့၌ သတင်းထောက်များအား ပြော ကြားခဲ့သည်။
ဒီချုပ်အစိုးရလက်ထက် ပ ထမဆုံးအကြိမ်အဖြစ် NCA မထိုး ရသေးသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ UNFC ကဖွဲ့ စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့ (DPN) နှင့် ဒေါက်တာ တင်မျိုးဝင်းဦးဆောင်သော ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ)အကြိုပြင်ဆင် ရေးကော်မတီတို့ ဇွန်လ ၃ ရက်က တွေ့ဆုံဆွေးနွေးပြီးချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း အားလုံးပါဝင် စေချင်တဲ့ ဆန္ဒရှိတယ်။ ဒီဘက်ကလည်း ၀မ်းသာစရာကောင်းတာက အခုငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါချင်ကြတယ်။ကျွန်တော်တို့ တိုင်းပြည်တစ်ခုအတွက် တိုးတက်ဖို့ဆိုတာကတော့ ဘာပဲပြောပြော အခြေခံအရင်းစစ်က ငြိမ်းချမ်းရေးပါပဲ။ တိုင်းပြည်တိုးတက်ဖို့အတွက်ရောပြည်သူလူထုအနေနဲ့ ကောင်းစားရေးအတွက်ပါ ကျန်တဲ့စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေအားလုံးအပေါ် အခြေခံတဲ့အခါ အဲဒါအားလုံးက သဘောပေါက်ကြတယ်။ General Agreement ပေါ့။ ဒီ အပေါ်မှာ Base လုပ်ပြီးတော့ သဘောကတော့ ဘုံရည်မှန်းချက် တူသွားပြီပေါ့’’ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) အကြိုပြင်ဆင် ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းကပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက် တွင် TNLA , MNDAA နှင့် AA အဖွဲ့များကို တပ်မတော်နှင့်အစိုးရ ဘက်က NCA ရေးထိုးခွင့်မပေးခဲ့ ၍ UNFC က အားလုံးပါဝင်ရေးမူ ကိုစွဲကိုင်ပြီး လက်မှတ်မရေးထိုး ဘဲ နေခဲ့သည်။ တစ်ချိန်တည်းမှာ ပင် NCA လက်မှတ်မထိုးသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ များအနေဖြင့် ငြိမ်းချမ်းရေးညီလာ ခံတွင်လည်းကောင်း၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင်လည်း ကောင်း ပါဝင်ဆွေးနွေးခွင့်ရမည် မဟုတ်ဘဲ လေ့လာသူအဖြစ်သာ ပါဝင်နိုင်မည်ဟုပြီးခဲ့သည့် အစိုးရ က သတ်မှတ်ခဲ့သည်။
လက်ရှိအစိုးရအနေဖြင့် လာမည့် ဇူလိုင် (သို့မဟုတ်) သြဂုတ်တွင် ကျင်းပရန်ပြင်ဆင် နေသော ငြိမ်းချမ်းရေးညီလာခံ၌ NCA ရေးထိုးသည့် အဖွဲ့များ ရော မရေးထိုးသည့်အဖွဲ့များ၊ ကိုးကန့်၊ တအာင်း(ပလောင်)နှင့် AA တို့ သုံးဖွဲ့အပါအ၀င် အားလုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေး နွေးနိုင်အောင်လုပ်ဆောင်မည်ဟု အစိုးရ၏ စေ့စပ်ညှိနှိုင်းရေး တာ ၀န်ခံကဆိုသည်။
ယခင်အစိုးရလက်ထက်က ရေးဆွဲခဲ့သောနိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲမူဘောင်ကို ပြန်လည် ဆန်းစစ် ညှိနှိုင်းရာတွင် အပစ် မ ရပ်သေးသော အဖွဲ့များပါ ပါဝင် ပြီး သဘောတူညီချက်များ ရယူ၍ မူဘောင် ပြုပြင်ပြောင်းလဲမှု လုပ် ဆောင်ရန်ရှိသည်ဟု ဆိုသည်။ ထိုပြန်လည်ဆန်းစစ်ညှိနှိုင်းအ စည်းအဝေးသို့ တက်ရောက်ရန် ဇွန်လ ၃ ရက်အစည်းအဝေးတွင် အစိုးရဘက်က ဖိတ်ကြားခဲ့သည် ဟုဆိုသည်။ ထိုညှိနှိုင်းအစည်းအ ဝေးမှတစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင် များအားလုံး သဘောတူသည့် အခါတွင်မှ နောက်ဆုံး အဆုံးအ ဖြတ်အဖြေထွက်မည်ဖြစ်ကြောင်း အစိုးရ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ က ထောက်ပြသည်။
‘‘အားလုံးပါဝင်နိုင်အောင် ဆိုတဲ့မူ လာပြီးဆွေးနွေးတယ်၊ လာပြီးဖိတ်ခေါ်တယ်။ ဒီခေါင်း ဆောင်တွေဆီကနေပြီးတော့ ကျွန်တော်တို့က သူတို့ရဲ့ လိုလား ချက်၊ သူတို့အရင်တုန်းက မထိုးခဲ့ တဲ့ဟာက ဘာကြောင့်လဲ၊ ကျွန် တော်တို့ ဘာလိုအပ်ချက်ရှိသလဲ ဆိုတာကို လာပြီးတော့ ဖိတ်ခေါ် တာပါ။ ဖိတ်ခေါ်ရာမှာလည်း အ မြင့်ဆုံးကော်မတီက ကျွန်တော် တို့ရဲ့ ထိပ်မှာရှိတဲ့နိုင်ငံတော်အ တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရဲ့ Mandate ပေါ့လေ။ သူတို့ကို ဖိတ်ခေါ်ဖို့ ကျွန်တော်ပါလာပါ တယ်။ တစ်ချိန်တည်းမှာပဲ ကျွန် တော်တို့ ဒီတပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပါလာပြီးတော့ တပ်မတော်ရဲ့ သ ဘောထားလည်း ပါလာတာပေါ့ နော်။ နှစ်ဖက်အစိုးရအဖွဲ့ကရော တပ်မတော်ဘက်က ပါလာတဲ့ အခါကျတော့ ကျွန်တော်တို့က ဒီ မှာလာပြီးတော့ တွေ့တဲ့သူတို့ရဲ့ ဖိတ်ခေါ်တဲ့ဟာက Mandate အပြည့်ပါပါတယ်’’ဟု ဒေါက်တာ တင်မျိုးဝင်းကပြောသည်။
တွေ့ဆုံပွဲအပြီး ချင်းမိုင်ရှိ သတင်းထောက်များအား ဖြေကြား ရာတွင် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)ဒုဥက္ကဋ္ဌဖြစ်သည့်DPN ဒုခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော် က ‘‘ကျွန်တော်တို့ EAO အပိုင်းက လည်း တွေ့ဆုံဆွေးနွေးရေးအရ အဖြေရှာသင့်တယ်ဆိုတဲ့မူရှိ တယ်။ အဲဒီတော့ အခု အစိုးရက လည်း တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အပိုင်းကို ကျွန်တော်တို့ ကြိုဆို ပါ တယ်’’ဟု ပြောသည်။
ဇွန်လ ၃ ရက်တွေ့ဆုံပွဲတွင် DPN ဘက်က တင်ပြချက်များ၊ မေးခွန်းများကို အစိုးရကိုယ်စား လှယ်အဖွဲ့ဘက်က အချို့ကို ပြန် လည်ဖြေကြားခဲ့ပြီး အချို့ကိုမူ တိတိကျကျ ပြန်လည်ဖြေကြား နိုင်ခြင်းမရှိသေး၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ထံ ပြန်လည်တင် ပြရမည်ဟုဆိုခဲ့သည်။ နှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်လှစ်ပြီး မကြာမီထပ်မံတွေ့ဆုံဆွေးနွေးကြရန် သဘောတူခဲ့ကြသည်။
UNFC သည် ဒီချုပ်အစိုးရ နှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ညှိ နှိုင်းဆွေးနွေးရန် DPN ကို ၂၀၁၆ ဖေဖော်ဝါရီက ဖွဲ့စည်းခဲ့သည်။ ဒေါက်တာတင်မျိုးဝင်း ဦးဆောင် သော ကော်မတီကို ၂၀၁၆ မေလ ၃၁ ရက်ကဖွဲ့စည်းခဲ့သည်။
ထို့အပြင် အစိုးရဘက်က ‘ဝ’ နှင့် မိုင်းလားအဖွဲ့များကို ဇွန်လဒုတိယပတ်တွင် တွေ့ဆုံရန်ကြိုးစားနေကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
No comments