Breaking News

အင်တာနက် ရာဇ၀တ်မှု လူပေါင်း (၁၅၀၀၀)ဖမ်း





တရုတ်နိုင်ငံတွင် အင်တာနက် လုံခြုံရေး ချိုးဖောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းရသည့် လူပမာဏသည် တစ်သောင်းခွဲခန့် ရှိပြီဖြစ်ကြောင်း တရုတ် ရဲတပ်ဖွဲ့က ပြောသည်။
      တရုတ် သမ္မတ ရှီကျင်းဖျင်သည် ၂၀၁၃ တွင် ရာထူးလက်ခံပြီး ချိန်မှစကာ အင်တာနက် စောင့်ကြည့် ထိန်းချုပ်ရေးကို အရှိန်မြှင့်လျက်ရှိသည်။ ရဲတပ်ဖွဲ့သည် ဆိုင်ဘာမှုခင်းပေါင်း (၇၄၀၀)ကျော်ကို စုံစမ်း စစ်ဆေးခဲ့ကြောင်း ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ စစ်ဆေးမှုများသည် မည်သည့်ကာလ အပိုင်းအခြားတွင် လုပ်ခဲ့ခြင်း ဖြစ်ကြောင်းကား ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။ အချို့သော မှုခင်းဖြစ်စဉ်များကို ထောက်ရှုခြင်းအားဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ရှေ့ပိုင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းရသည်။
      တရုတ်အစိုးရသည် အင်တာနက် သန့်စင်ရေး လှုပ်ရှားမှုကိုလည်း ပြီးခဲ့သည့်လက စတင်ခဲ့သည်။ အွန်လိုင်း ရာဇ၀တ်ဂိုဏ်းများကို အဓိကထား ဖြိုခွဲသွားမည်ဟု သိရသည်။ နိုင်ငံတည်ငြိမ်မှု ပျက်ယွင်းအောင် ကောလာဟလဖြန့်သော ၀ဘ်ဆိုက်များ၊ လိင်လုပ်ငန်း ကြော်ငြာ၊ ပေါက်ကွဲပစ္စည်း၊ လက်နက်၊ လောင်းကစား ကြော်ငြာများ ဖော်ပြသော ၀ဘ်ဆိုက်များကိုလည်း အရေးယူလျက် ရှိကြောင်း တရုတ် ရဲတပ်ဖွဲ့က ပြောသည်။ လက်ရှိအချိန်ထိ ၀က်ဘ်ဆိုက်ပေါင်း (၆၆၀၀၀)ကို စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။
      တရုတ် အစိုးရသည် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး အင်တာနက် ဆင်ဆာစနစ် ကျင့်သုံးလျက်ရှိသည်။ ကွန်မြူနစ်ပါတီကို ဂုဏ်ရည် ညှိုးနွမ်းစေသော အရေးအသားများကိုလည်း အင်တာနက်ပေါ်တွင် တင်လို့မရအောင် ကန့်သတ်ထားသည်။
      မတ်လ(၁) ရက်နေ့ကစပြီး အွန်လိုင်း အကောင့်ဖွင့်သူများ နာမည်ရင်းဖြင့်သာ ဖွင့်ရမည်ဟု သတ်မှတ်ခဲ့သည်။ နာမည်တုဖြင့် ဖွင့်ထားသော အကောင့်များကို ပိတ်ပစ်မည်ဟုလည်း ကြေညာထားသည်။

Source: Reuters
 messengernewsjournal

No comments